ထာဝရဘုရားသည်၊ ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုလိုက်လေ၏။ သို့သော်လည်း၊ ဣသရေလလူတို့သည် ဝါကြွားသောအခြင်းအရာနှင့် ထွက်သွားကြ၏။ ထိုသို့ ဖာရောဘုရင်၏မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည်လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာတပ်ချလျက်နေသော ဣသရေလလူတို့ကို မီကြ၏။ ဖာရောဘုရင်သည်ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မျှော်ကြည့်၍၊ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကိုမြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအားအော်ဟစ်ကြ၏။ မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။ ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက်ရှိကြပါစေဟု အဲဂုတ္တုပြည်၌ငါတို့ပြောရာတွင်၊ ဤအမှုကိုရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။ မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကိုကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တစ်ဖန်အလျှင်းမမြင်ရကြ။ သင်တို့ဘက်၌ ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အားဆို၏။ ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကိုအော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာမှာလိုက်လော့။ သင်မူကား၊ လှံတံကိုချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားရကြမည်။ ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကိုခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။ ထိုသို့ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌လိုက်သဖြင့်၊ မိုးတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ရပ်နေလေ၏။ ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သောမိုးတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကိုပေးလျက်နေသဖြင့်၊ တစ်ညလုံး တပ်တစ်ဦးနှင့် တစ်ဦးမချဉ်းနိုင်ရာ။ မောရှေသည် ပင်လယ်ပေါ်မှာလက်ကိုဆန့်၍၊ ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကိုလှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည်ကွဲပြတ်လျက်ရှိ၏။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ လျှောက်သွားကြ၍၊ ရေသည် သူတို့လက်ယာဘက်၊ လက်ဝဲဘက်မှာ ကျောက်ထရံကဲ့သို့ ရှိနေ၏။ အဲဂုတ္တုလူများ၊ ဖာရောဘုရင်၌ပါသော မြင်း၊ ရထား၊ မြင်းစီးသူရဲအပေါင်းတို့သည်၊ ပင်လယ်အလယ်သို့လိုက်ဝင်ကြ၏။
ထွက်မြောက်ရာ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 14:8-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ