YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 9:20-32

ဧသတာ 9:20-32 JBMLE

တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။ ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။ ယု​ဒ​လူ​တို့​သည်​လည်း၊ ပြု​စ​ရှိ၍ မော်​ဒ​ကဲ​မှာ​လိုက်​သည်​အ​တိုင်း အ​မြဲ​ပြု​ပါ​မည်​ဟု ဝန်​ခံ​ကြ၏။ ယု​ဒ​လူ​အ​ပေါင်း​တို့၏ ရန်​သူ​ဖြစ်​သော အာ​ဂတ်​အ​မျိုး၊ ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​သည် ယု​ဒ​အ​မျိုး​ကို ဖျက်​ဆီး​မည်​အ​ကြံ​ရှိ၍၊ ဖျက်​ဆီး​ပယ်​ရှင်း​ခြင်း​ငှာ ပု​ရ​စာ​ရေး​တံ ချ​သော​ကြောင့်​လည်း​ကောင်း၊ ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊ ပု​ရ​ဟူ​သော​စ​ကား​ကို အ​စွဲ​ပြု​သ​ဖြင့်၊ ထို​နေ့​ကို ပု​ရ​နေ့​ဟူ၍ ခေါ်​ဝေါ်​ကြ၏။ ထို​အ​မိန့်​တော်​စာ​ချက်​နှင့် ကိုယ်​တိုင်​တွေ့​မြင်​သော အ​မှု​ကို​ထောက်​လျက်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊ ထို​ပု​ရ​နေ့​တို့​သည် ယု​ဒ​အ​မျိုး၌ မ​ပျောက်၊ သား​စဉ်​မြေး​ဆက်​တို့​သည် မ​မေ့​မ​လျော့၊ အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး အ​စဉ်​အ​ဆက်​တို့​သည် အောက်​မေ့ စောင့်​ရှောက်​မည်​အ​ကြောင်း ဝန်​ခံ​ကြ၏။ ထို​အ​ခါ အ​ဘိ​ဟဲ​လ​သ​မီး မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​အ​မျိုး မော်​ဒ​ကဲ​တို့​သည်၊ ပု​ရ​နေ့​တို့​ကို မြဲ​မြံ​စွာ တည်​စေ​ခြင်း​ငှာ ကျပ်​တည်း​စွာ အာ​ဏာ​ထား၍ မှာ​စာ​ကို တစ်​ဖန်​ရေး​ထား​ကြ၏။ ယု​ဒ​အ​မျိုး​သား မော်​ဒ​ကဲ​နှင့် မိ​ဖု​ရား​ဧ​သ​တာ​မှာ​ထား၍၊ ယု​ဒ​လူ​တို့​သည် ကိုယ်​အ​ဖို့​နှင့် သား​စဉ်​မြေး​ဆက်​အ​ဖို့ စီ​ရင်​သည်​အ​တိုင်း၊ ချိန်း​ချက်​သော အ​ချိန်၌ အ​စာ​ရှောင်​ခြင်း၊ ဆု​တောင်း​ခြင်း​နှင့်​တ​ကွ ပု​ရ​နေ့​တို့​ကို အ​မြဲ​စောင့်​စေ​ခြင်း​ငှာ၊ အာ​ရွှေ​ရု​နိုင်​ငံ​တော်​တွင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့ နေ​ရာ​သို့ ငြိမ်​သက်​စေ​သော သ​စ္စာ​စ​ကား​နှင့် ထို​မှာ​စာ​ကို မော်​ဒ​ကဲ​ပေး​လိုက်​လေ၏။ ဧ​သ​တာ​စီ​ရင်​သော​အား​ဖြင့်၊ ပု​ရ​နေ့​တို့​ကို စောင့်​ရာ​ထုံး​စံ​သည် အ​မြဲ​တည်၍ ဤ​စာ၌​ရေး​ထား လျက်​ရှိ​သ​တည်း။