ဘုရားသခင်၏အလိုတော်အားဖြင့်၊ ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုသည် ဧဖက်မြို့၌နေသော သန့်ရှင်းသူတည်းဟူသော ယေရှုခရစ်ကို ယုံကြည်သောသူတို့ကို ကြားလိုက်ပါ၏။- သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်ထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ ငါတို့သည် ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊- ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ၊ ကောင်းကင်ဘုံနှင့် ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- ထိုဘုရားသခင်သည် ချစ်တော်မူသော သားတော်ကြောင့်၊ ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှုခရစ်အားဖြင့် သားအရာကို ရမည်အကြောင်း၊ အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏။- ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။- ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။- ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချုပ်ခြာ စေတော်မူလိမ့်သတည်း။- မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။
ဧဖက် 1 ကိုဖတ်ပါ။
နားထောင်ပါ။ ဧဖက် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧဖက် 1:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ