YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 9

9
1အ​ထက်​ဆို​ခဲ့​ပြီး​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည် စုံ​စမ်း​ခြင်း​ငှာ ဆင်​ခြင်​ရ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​နှင့် ပ​ညာ​ရှိ​သော​သူ​တို့​သည် သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​တ​ကွ၊ ဘု​ရား​သ​ခင်၏​လက်​တော်၌ ရှိ​ကြ၏။ ချစ်​တော်​မူ​သော​လ​က္ခ​ဏာ​ကို ထင်​ရှား​သ​မျှ​သော​အ​မှု​အ​ရာ​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​သိ​နိုင်။ 2ခပ်​သိမ်း​သော​သူ​တို့​သည် ခပ်​သိမ်း​သော အ​မှု​အ​ရာ​တို့​နှင့် ဆက်​ဆံ​ကြ၏။ တ​ရား​သော​သူ​နှင့် မ​တ​ရား​သော​သူ၊ ကောင်း​သော​သူ​နှင့် မ​ကောင်း​သော​သူ၊ စင်​ကြယ်​သော​သူ​နှင့် မ​စင်​ကြယ်​သော​သူ၊ ယဇ်​ပူ​ဇော်​သော​သူ​နှင့် ယဇ်​မ​ပူ​ဇော်​သော​သူ၊ အ​ပြစ်​မ​ရှိ​သော​သူ​နှင့် အ​ပြစ်​ရှိ​သော​သူ၊ ကျိန်​ဆို​သော​သူ​နှင့် ကျိန်​ဆို​ခြင်း​ကို​ကြောက်​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​တတ်၏။ 3နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။ 4အ​သက်​ရှင်​သော​လူ​စု​အ​ပေါင်း​နှင့် ဆိုင်​သေး​သော​သူ​သည် မျှော်​လင့်​စ​ရာ​ရှိ၏။ အ​သက်​ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် သာ၍​ကောင်း​မြတ်၏။ 5အ​သက်​ရှင်​သော​သူ​သည် မိ​မိ​သေ​ရ​မည်​ကို​သိ၏။ သေ​သော​သူ​မူ​ကား၊ အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ အ​ကျိုး​အ​ပြစ်​ကို​လည်း မ​ခံ​ရ။ သူ့​ကို​လည်း မေ့​လျော့​တတ်​ကြ၏။ 6သူ၏​ချစ်​ခြင်း၊ မုန်း​ခြင်း၊ ငြူ​စူ​ခြင်း​လည်း​ပျောက်​ပျက်၏။ နေ​အောက်​မှာ​ပြု​သ​မျှ​သော​အ​မှု၌ သူ​တစ်​ပါး​နှင့် ရော​နှော၍ မ​ဆိုင်​ရ။
7သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။ 8သင့်​အ​ဝတ်​လည်း၊ အ​စဉ် ဖြူ​စင်​ပါ​လေ​စေ။ သင့်​ခေါင်း​သည်​လည်း နံ့​သာ​ဆီ မ​ခန်း​မ​ခြောက်​စေ​နှင့်။ 9နေ​အောက်​မှာ ပေး​သ​နား​တော်​မူ​သော အ​န​တ္တ​အ​သက်​ကာ​လ​ပတ်​လုံး၊ သင်​ချစ်​သော​မ​ယား​နှင့် ရွှင်​လန်း​စွာ အ​သက်​ကာ​လ​ကို​လွန်​စေ​လော့။ ဤ​ရွေ့​ကား၊ အ​သက်​ရှင်၍ နေ​အောက်​မှာ ကြိုး​စား​အား​ထုတ်​ရာ၌ သင်​ခံ​ရ​သော အ​ကျိုး​ပေ​တည်း။ 10ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။
11တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။ 12လူ​သည် မိ​မိ​ကာ​လ​အ​ချိန်​ကို မ​သိ​တတ်။ ဘေး​ပြု​ရာ ပိုက်​ကွန်​အုပ်​မိ​သော​ငါး​ကဲ့​သို့​လည်း​ကောင်း၊ ကျော့​ကွင်း၌ ကျော့​မိ​သော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ လူ​သား​တို့​သည် ဘေး​ပြု​ရာ​ကာ​လ​ထဲ​သို့ အ​မှတ်​တ​မဲ့​ရောက်၍ ကျော့​မိ​တတ်​ကြ၏။
13နေ​အောက်​မှာ ငါ​တွေ့​မြင်၍ ချီး​မွမ်း​ဖွယ်​သော​ပ​ညာ​ဟူ​မူ​ကား၊ 14မြို့​သား​နည်း​သော မြို့​ငယ်​တစ်​မြို့​ရှိ၏။ ကြီး​သော ရှင်​ဘု​ရင်​တစ်​ပါး​သည်​လာ၍၊ ထို​မြို့​ပြင်​မှာ ကြီး​စွာ​သော​တပ်​တို့​ကို တည်၍ ဝိုင်း​ထား၏။ 15ထို​မြို့၌​နေ​သော ဆင်း​ရဲ​သား​ပ​ညာ​ရှိ​တစ်​ယောက်​သည် မိ​မိ​ပ​ညာ​အား​ဖြင့် ထို​မြို့​ကို​ကယ်​တင်၏။ သို့​သော်​လည်း၊ ထို​ဆင်း​ရဲ​သား​ကို အ​ဘယ်​သူ​မျှ​မ​အောက်​မေ့။ 16ထို​အ​ခါ ငါ​ဆို​သည်​ကား၊ ပ​ညာ​သည် ခွန်​အား​ထက်​သာ၍​ကောင်း​မြတ်၏။ သို့​သော်​လည်း၊ ဆင်း​ရဲ​သော​သူ၏​ပ​ညာ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။ သူ၏​စ​ကား​ကို နား​မ​ထောင်​တတ်​ကြ။ 17အုပ်​စိုး​သော​သူ​သည် မိုက်​သော​သူ​တို့​တွင် ကြွေး​ကြော်​သော​အ​သံ​ကို နား​ထောင်​ကြ​သည်​ထက်၊ ငြိမ်​ဝပ်​ရာ၌ ပ​ညာ​ရှိ​ပြော​သော​စ​ကား​ကို သာ၍​နား​ထောင်​တတ်​ကြ၏။ 18ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ