တရားဟောရာ 17
17
1အပြစ်ပါသော သိုး၊ နွား၊ ယုတ်သောလက္ခဏာပါသော သိုး၊ နွားကို၊ သင်၏ ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။ ထိုသို့သောယဇ်ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
2-3သင်၏ ဘုရားသခင်ထာဝရဘုရား ပေးတော်မူသော မြို့တို့တွင်၊ နေ၊ လ၊ မိုးကောင်းကင်တန်ဆာအစရှိသော ငါမြစ်တားသမျှ အခြားတစ်ပါးသောဘုရားတို့ကိုသွား၍ ဝတ်ပြုကိုးကွယ်သဖြင့်၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို လွန်ကျူး၍၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမရှိသည်ဟု၊#ထွ၊ ၂၂:၂၀။ 4သင်သည် သတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဖွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊ 5ထိုဒုစရိုက်ကိုပြုမိသော ယောက်ျားမိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရမည်။ 6သက်သေခံနှစ်ယောက် သုံးယောက်ရှိလျှင် သေထိုက်သောသူသည် အသေခံရမည်။ သက်သေခံတစ်ယောက်တည်းရှိလျှင် အသေမခံရ။#တော၊ ၃၅:၃၀၊ တရား၊ ၁၉:၁၅၊ မ၊ ၁၈:၁၆၊ ၂ ကော၊ ၁၃:၁၊ ၁ တိ၊ ၅:၁၉၊ ဟေဗြဲ၊ ၁၀:၂၈။ 7ထိုသူကို အသေသတ်စိမ့်သောငှာ၊ သက်သေခံတို့သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ ထိုသို့ပြုလျှင် သင်တို့မှ ဒုစရိုက်ကို ပယ်ရကြလိမ့်မည်။#၁ ကော၊ ၅:၁၃။
8သင့်နေရာမြို့တွင် လူအသက်ကို သတ်ခြင်းအမှု၊ တရားတွေ့ခြင်းအမှု၊ လူချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သို့ သွား၍၊ 9ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။ 10ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်သားတို့သည် ဖော်ပြသော စီရင်ချက်အတိုင်း၊ သင်သည် ပြုရမည်။ သူတို့သွန်သင်သည်အတိုင်း ပြုရခြင်းငှာ စောင့်ရှောက်ရမည်။ 11သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။ 12သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုစောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေသတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။ 13ထိုသတင်းကို လူခပ်သိမ်းတို့သည်ကြားလျှင် ကြောက်ရွံ့သောစိတ်ရှိသဖြင့် နောက်တစ်ဖန် ရဲရင့်စွာ မပြုဘဲနေကြလိမ့်မည်။
ဘုရင်နှင့်ဆိုင်သောညွှန်ကြားချက်
14သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တစ်ပါးသောလူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊#၁ ရာ၊ ၈:၅။ 15သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောသူ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင်အရာ၌ ချီးမြှောက်ရမည်။ ညီအစ်ကို အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို မချီးမြှောက်ရ။ 16ထိုရှင်ဘုရင်သည် ကိုယ်အဖို့ များစွာသော မြင်းတို့ကို မမွေးရ။ မြင်းများပြားစေခြင်းငှာ အဲဂုတ္တုပြည်သို့ လူကိုမပြန်စေရ။ အကြောင်းမူကား၊ ထိုလမ်းသို့မပြန်မသွားရဟု ထာဝရဘုရား အမိန့်တော်ရှိ၏။#၃ ရာ၊ ၁၀:၂၈၊ ၆ ရာ၊ ၁:၁၆၊ ၉:၂၈။ 17သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။#၃ ရာ၊ ၁၁:၁-၈၊ ၃ ရာ၊ ၁၀:၂၇၊ ၆ ရာ၊ ၁:၁၇၊ ၉:၂၇။ 18-20ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရားစကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ရှိသော ဤဓမ္မပညတ်တရားစာကိုရေးကူး၍ လက်ခံစာကို တစ်သက်လုံး စောင့်ရှောက်ကြည့်ရှု ဖတ်ရွတ်ရမည်။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာ 17: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.