တရားဟောရာ 13
13
1သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊ 2သင်တို့မသိသော အခြားတစ်ပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုသည် ပြည့်စုံသော်လည်း၊ 3ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သော သူတို့၏စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စုံစမ်းတော်မူ၏။ 4သင်တို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။ 5ကျွန်ခံနေရာ အဲဂုတ္တပြည်မှ သင်တို့ကို ကယ်နုတ်ဆောင်ယူခဲ့တော်မူသော သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာလည်းကောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဖို့ မှာထားတော်မူသောလမ်းမှ ထွက်စေခြင်းငှာလည်းကောင်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူတို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။
6သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတစ်ပါးသောဘုရား၊ 7သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတစ်ဖက်မှသည် တစ်ဖက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင်လျှင်၊ 8သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဝှက်၍မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။ 9သူသည် အသေသတ်ခြင်းကို ခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။ 10ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နုတ်ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားထံတော်မှလွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ 11ထိုသတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တစ်ဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။
12အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊ 13အခြားတစ်ပါးသောဘုရားထံသို့ သွား၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ သူတို့မြို့သူမြို့သားတို့ကို သွေးဆောင်ကြောင်းကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်နေစရာဖို့ပေးတော်မူသော မြို့တစ်စုံတစ်မြို့၌ သင်သည် သတင်းကြားလျှင်၊ ထိုအမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။ 14သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဖွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊ 15ထိုမြို့သူမြို့သားတို့ကို ဓားနှင့် လုပ်ကြံရမည်။ မြို့မှစ၍ မြို့၌ရှိသော လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို ဓားနှင့် ရှင်းရှင်းဖျက်ဆီးရမည်။ 16လုယူရာဥစ္စာရှိသမျှကို မြို့လမ်းမအလယ်၌စုပုံ၍၊ ထိုမြို့နှင့်တကွ လုယူရာဥစ္စာရှိသမျှကို သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ မီးရှို့ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံဖြစ်ရမည်။ နောက်တစ်ဖန် မတည်မဆောက်ရ။ 17ထာဝရဘုရားသည် အမျက်တော်အရှိန်ကိုငြိမ်းစေ၍၊ သင်၏ဘိုးဘေးတို့အား ကတိတော်ရှိသည်အတိုင်း၊ သင့်ကို ကယ်မသနားတော်မူသဖြင့် များပြားစေတော်မူမည်အကြောင်း၊ ကျိန်အပ်သောဥစ္စာ တစ်စုံတစ်ခုကိုမျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။ 18ယနေ့ ငါမှာထားသည်အတိုင်း သင်၏ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားထောင်၍ ပညတ်တော်အလုံးစုံတို့ကို ကျင့်သဖြင့်၊ သင်၏ ဘုရားသခင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ပြုသောအခါ၊ ရှေးကတိတော်အတိုင်း ပြုတော်မူမည်။
လက်ရှိရွေးချယ်ထားမှု
တရားဟောရာ 13: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.