သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်ရမည်။ စီရင်ထုံးဖွဲ့တော်မူချက်၊ မှာထားတော်မူသော ပညတ်တော်တို့ကို အစဉ်စောင့်ရှောက်ရမည်။ သင်၏ ဘုရားသခင်ထာဝရဘုရား ဆုံးမတော်မူခြင်းကိုလည်းကောင်း၊ ဘုန်းအာနုဘော်တော်ကိုလည်းကောင်း၊ အားကြီးသောလက်ရုံး ဆန့်တော်မူခြင်းကိုလည်းကောင်း၊ ထူးဆန်းသောတန်ခိုးတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူပြည်သားများတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ အဲဂုတ္တုစစ်သူရဲ အလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေလွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကိုလည်းကောင်း၊ ဤအရပ်သို့မရောက်မီ၊ တော၌လှည့်လည်စဉ်တွင် သင်တို့အားပြုတော်မူသောအမှုကိုလည်းကောင်း၊ ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသောဥစ္စာပစ္စည်းများကို၊ ဣသရေလအမျိုးသားတို့အလယ်၌၊ မျိုကြောင်းကိုလည်းကောင်း မသိမမြင်သော သင်တို့၏သားသမီးတို့အား ငါမပြော၊ သင်တို့ကိုယ်တိုင် သိမှတ်ကြလော့။ ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ ထိုကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည်အကြောင်း၊ ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။ သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။ သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။ သင်တို့ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊ သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုး၊ နောက်မိုးတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုးရေကို ငါပေးမည်။ သင်တို့သည် ဝစွာစားရမည်အကြောင်း၊ သင်တို့တိရစ္ဆာန်များအဖို့ လွင်ပြင်၌မြက်ပင်ကို ငါပေါက်စေမည်။ သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍လမ်းမလွဲ၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုးမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရားပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။ သို့ဖြစ်၍ ငါဟောပြောသော ဤစကားကို စိတ်၊ နှလုံး၌သွင်းထား၍၊ လက်၌ လက္ခဏာသက်သေဖို့ရာလည်းကောင်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့လည်းကောင်း ချည်ထားရကြမည်။ ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ဟောပြော၍၊ သားသမီးတို့အား သွန်သင်ရကြမည်။ အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။ သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်အံ့သောငှာ သတိနှင့်စောင့်ရှောက်လျှင်၊ ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို အစိုးရကြလိမ့်မည်။ သင်တို့သည် ခြေနှင့်နင်းသမျှသောအရပ်ကို ပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနားတိုင်အောင်လည်းကောင်း၊ မြေတစ်လျှောက်လုံးသည် သင်တို့၏နိုင်ငံအဝင် ဖြစ်လိမ့်မည်။ သင်တို့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည်၊ ကတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။ ယနေ့ကောင်းချီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။ ယနေ့ငါဆင့်ဆိုသော သင်တို့ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းချီးပေးခြင်း၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဖူးသော အခြားတစ်ပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။ သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း တင်ထားရကြမည်။ ထိုတောင်တို့သည် ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူသော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့်ဆိုင်သော လွင်ပြင်၌ ရှိသည်မဟုတ်လော။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တစ်ဖက်သို့ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက်နေရကြမည်။ ယနေ့ ငါထားသမျှသော စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။
တရားဟောရာ 11 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 11:1-32
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ