မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍နေပါသည်ဟု လျှောက်ထားကြ၏။ ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။ တစ်ဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တစ်ခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန်လျှင်၊ တစ်ဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။ ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှာ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။ ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။ နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန် သွားတော်မူ၏။ ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။ ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲ ရှင်ပါစေ။ အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါဟု ပြန်လျှောက်လေ၏။ ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။
ဒံယေလ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 6:13-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ