YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:1-28

ဒံယေလ 6:1-28 JBMLE

ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊ အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊ ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။ ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊ ဘု​ရား​သ​ခင်၏ ဘာ​သာ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​တွင် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို ငါ​တို့​မ​တွေ့​နိုင်​ကြ​ဟု တိုင်​ပင်​ပြော​ဆို​ပြီး​မှ၊ အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊ ဒါ​ရိ​မင်း​ကြီး​သည် အ​မိန့်​တော်​ကို​ပေး၍ တံ​ဆိပ်​ခတ်​တော်​မူ၏။ အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊ အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။ မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။ ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။ တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊ တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။ ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။ ထို​နောက်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သို့ ပြန်၍ တစ်​ည​လုံး စား​တော်​မ​ခေါ်၊ အ​ငြိမ့်​တန်​ဆာ​ကို အ​ထံ​တော်​သို့ မ​သွင်း​စေ​ဘဲ စက်​တော်​ခေါ်၍ မ​ပျော်​နိုင်။ နံ​နက်​စော​စော​ထ၍ ခြင်္သေ့​တွင်း​သို့ အ​လျင်​အ​မြန် သွား​တော်​မူ၏။ ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။ ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​လွန်​ဝမ်း​မြောက်၍၊ ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော​ကြောင့် သူ၌​ထိ​ခိုက်​သော​အ​နာ တစ်​ခု​မျှ မ​ရှိ။ ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။ ထို​အ​ခါ မြေ​ကြီး​တစ်​ပြင်​လုံး​တွင် အ​ရပ်​ရပ်​တို့၌ နေ၍၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​မျိုး​တ​ကာ​တို့​ရှိ​ရာ​သို့ အ​မိန့်​တော်​စာ​နှင့် စေ​လွှတ်​တော်​မူ၏။ စာ​ချက်​ဟူ​မူ​ကား၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။ ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။ မ​စ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဩ​ဖွယ်​တို့​ကို ဖြစ်​စေ​တော်​မူ၏။ ဒံ​ယေ​လ​ကို ခြင်္သေ့​လက်​မှ ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထို​သို့​သော​ဘု​ရား ဖြစ်​တော်​မူ၏​ဟု အ​မိန့်​တော်​ရှိ၏။ ထို​သို့​ဒံ​ယေ​လ​သည် ဒါ​ရိ​မင်း​ကြီး​လက်​ထက်၌​လည်း​ကောင်း၊ ပေ​ရ​သိ​အ​မျိုး ကု​ရု​မင်း​ကြီး လက်​ထက်၌​လည်း​ကောင်း ကောင်း​စား​လျက်​နေ၏။