YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:1-30

ဒံယေလ 3:1-30 JBMLE

တ​ရံ​ရော​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​ခြောက်​တောင် ရှိ​သော ရွှေ​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ ဗာ​ဗု​လုန် ကျေး​လက် ဒု​ရ​လွင်​ပြင်၌ တည်​ထား​တော်​မူ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။ ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။ ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။ ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​သူ​ရှိ​သ​မျှ​တို့​သည် ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ​အ​မျက်​ထွက်၍၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ခေါ်​ချေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ဟယ်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ငါ၏​ဘု​ရား​တို့​ကို ဝတ်​မ​ပြု​လော။ ငါ​တည်​ထား​သော ရွှေ​ရုပ်​တု​ကို မ​ကိုး​ကွယ်​လော။ ယ​ခု​တွင် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း အ​သံ​ကို ကြား​သော​အ​ခါ၊ ငါ​လုပ်​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ် ကိုး​ကွယ်​အံ့​သော​ငှာ အ​သင့်​နေ​ကြ။ သို့​မ​ဟုတ်​လျှင်၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​မည်။ ငါ၏​လက်​မှ ကယ်​လွှတ်​နိုင်​သော ဘု​ရား​ကား၊ အ​ဘယ်​ဘု​ရား​ရှိ​သ​နည်း​ဟု မိန့်​တော်​မူ၏။ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး နေ​ဗု​ခဒ်​နေ​ဇာ၊ အ​ကျွန်ုပ်​တို့​သည် ဤ​အ​မှု၌ ပြန်​လျှောက်​ရ​မည်​အ​ကြောင်း မ​ရှိ​ပါ။ အ​ကျွန်ုပ်​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​က အ​ကျွန်ုပ်​တို့​ကို ကယ်​လွှတ်​နိုင်​တော်​မူ၏။ ကိုယ်​တော်၏​လက်​မှ​လည်း ကယ်​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​သို့ ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို့​ကို အ​ကျွန်ုပ်​တို့​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ပြင်း​စွာ အ​မျက်​ထွက်​သ​ဖြင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ကြည့်​ရှု၍ မျက်​နှာ​တော်​ပျက်​လျက်၊ မီး​ဖို​ကို အ​ရင်​ထက် ခု​နစ်​ဆ​တိုး၍ ပူ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​သည် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို တုပ်​နှောင်၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​မိန့်​တော် ရှိ​သည်​အ​တိုင်း၊ ထို​သူ​သုံး​ယောက်​တို့​ကို ဘောင်း​ဘီ၊ အင်္ကျီ၊ ဝတ်​လုံ အ​စ​ရှိ​သည်​တို့​နှင့်​တ​ကွ တုပ်​နှောင်၍၊ မီး​လောင်​လျက် ရှိ​သော မီး​ဖို​ထဲ​သို့ ချ​ပစ်​ကြ​သော​အ​ခါ၊ ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကျပ်​တည်း၍ မီး​ဖို​သည် အ​လွန်​ပူ​သော​ကြောင့်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ဆွဲ​ချ​သော သူ​တို့​သည် မီး​လျှံ​အ​ရှိန်​ကြောင့် သေ​ကြ၏။ ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။ ထို​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အံ့​ဩ​မိန်း​မော၍ အ​လျင်​တ​ဆော​ထ​ပြီး​လျှင်၊ လူ​သုံး​ယောက်​တို့​ကို တုပ်​နှောင်၍ မီး​ထဲ​သို့ ချ​ပစ်​သည် မ​ဟုတ်​လော​ဟု တိုင်​ပင်​မှူး​မတ်​တို့​အား မေး​တော်​မူ၏။ မှူး​မတ်​တို့​က​လည်း၊ မှန်​ပါ၏​ဘု​ရား​ဟု ပြန်​လျှောက်​ကြ​လျှင်၊ ရှင်​ဘု​ရင်​က၊ လူ​လေး​ယောက်​တို့​သည် မ​တုပ်​မ​နှောင်​ဘဲ မီး​ထဲ၌​သွား​လာ၍ ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​သည်​ကို ငါ​မြင်​သည်​တ​ကား။ စ​တု​တ္ထ​သူ​သည် ဘု​ရား​သား၏ အ​ဆင်း​သ​ဏ္ဌာန်​ရှိ​သည်​ဟု မိန့်​တော်​မူ၍၊ မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ အ​တွင်း​ဝန်​တို့​သည် ဝိုင်း၍ မီး​မ​လောင်​နိုင်​သော ထို​သူ​တို့​ကို ကြည့်​ရှု​ကြ၏။ သူ​တို့​ဆံ​ခြည်​တစ်​ပင်​မျှ မ​မြိုက်၊ ဝတ်​လုံ​လည်း ခြား​နား​ခြင်း မ​ရှိ၊ မီး​လောင်​သော​အ​နံ့​လည်း ကင်း​လွတ်၏။ နေ​ဗု​ခဒ်​နေ​ဇာ မင်း​ကြီး​က​လည်း၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​တို့​ဘု​ရား​မှ​တစ်​ပါး၊ အ​ခြား​သော ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍ မင်း​ကြီး​အ​မိန့်​တော်​ကို ဆန်​လျက်၊ မိ​မိ​တို့​ကိုယ်​ကို​ပင် အပ်​နှံ​သော ကျွန်​တော်​ရင်း​တို့​ရှိ​ရာ​သို့၊ ထို​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ အ​ရပ်​ရပ်​တို့၌​နေ၍ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​မျိုး​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၏ ဘု​ရား​သ​ခင်​အား ပြစ်​မှား​သော​စ​ကား​ကို ပြော​လျှင်၊ ထို​သူ​ကို အ​ပိုင်း​ပိုင်း​စဉ်း​စေ။ သူ၏​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​မျှ​လောက်​သော ကယ်​တင်​ခြင်း​ကို ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​ဘု​ရား​မျှ မ​ပြု​နိုင်​ဟု မိန့်​တော်​မူ​ပြီး​မှ၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့​ကို ချီး​မြှောက်​တော်​မူ၏။