သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတစ်ပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။ ယခုတွင် အိပ်မက်တော်၏အနက်ကို ဖော်ပြ၍ နားတော်လျှောက်ပါမည်။ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ လူနေရာရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုးကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသောအခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦးခေါင်းဖြစ်တော်မူ၏။ ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက်မမြတ်သော နိုင်ငံတစ်ခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတစ်ပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံ တည်ထောင်လိမ့်မည်။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ ခြေချောင်းတို့သည် သံတစ်ပိုင်းသရွတ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်လည်းကောင်း၊ ကျိုးပဲ့ခြင်းနှင့်လည်းကောင်း ဆက်ဆံလိမ့်မည်။ ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြားသော လူမျိုးသားတို့နှင့် ပေါင်းဖော်ကြလိမ့်မည်။ သို့သော်လည်း၊ သရွတ်နှင့် သံ မရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဖော်၍ မသင့်နိုင်ကြ။ လက်နှင့်မထုမလုပ်ဘဲ ကျောက်တစ်လုံးသည် တောင်ပေါ်က အလိုလိုပဲ့ကွာ၍၊ သံ၊ ကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောင်၌ ဖြစ်လတ္တံ့သောအရာတို့ကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြောတော်မူ၏။ အိပ်မက်တော် ရွေ့လျော့ခြင်းမရှိ။ အနက်သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။
ဒံယေလ 2 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 2:35-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ