သင်တို့နှင့် လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဖူးသောသူ ရှိသမျှတို့သည်၊- မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏ နက်နဲသောအရာကိုနားလည်နိုင်သော ဝိစိကိစ္ဆာနှင့် ကင်းစင်သော ဉာဏ်၏ စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ စိတ်နှလုံးသက်သာစေမည်အကြောင်း အဘယ်မျှလောက်ကြီးသော တိုက်လှန်ခြင်းကို ငါခံရသည်ဟု သင်တို့သိစေခြင်းငှာ ငါအလိုရှိ၏။- ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။- အဘယ်မည်သောသူမျှ ဖြားယောင်းသော စကားအားဖြင့် သင်တို့ကို မလှည့်ဖြားစေခြင်းငှာ၊ ဤစကားကို ငါပြောဆို၏။- ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုလည်းကောင်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည်ကိုလည်းကောင်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။ ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်း ရှိလျက်၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက်၊- ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည်ကြလော့။ ခရစ်တော်၏တရားကို မလိုက်၊ လူအဆက်ဆက်ခံသော နည်းဥပဒေသနှင့် လောကီတရားနုကို လိုက်၍၊ လောကီပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီး စေခြင်းငှာ သတိပြုကြလော့။- အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။- အထွတ်အမြတ် အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။- ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏။- ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။- ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။- အထွတ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီ။
ကောလောသဲ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ကောလောသဲ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကောလောသဲ 2:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ