ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊- ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်လည်းကောင်း၊ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည် အထက်က ကြားသိကြသည်အတိုင်း၊ သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားသော မျှော်လင့်ရာကို ထောက်သဖြင့်လည်းကောင်း၊ သင်တို့အဖို့ အစဉ်မပြတ်ဆုတောင်း၍၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။- ထိုတရားသည် လောကီနိုင်ငံတစ်လျှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။- သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။- သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ။ ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဖို့ အလိုငှာ အစဉ်မပြတ် ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ဆုတောင်းသောအချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်း ဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသော ဉာဏ်တိုးပွားခြင်းရှိသဖြင့်လည်းကောင်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့်လည်းကောင်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။
ကောလောသဲ 1 ကိုဖတ်ပါ။
နားထောင်ပါ။ ကောလောသဲ 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကောလောသဲ 1:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ