ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်၏။- ထိုကြောင့် တရားဇရပ်၌ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော သူတို့နှင့်လည်းကောင်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်လည်းကောင်း ဆွေးနွေးနှီးနှောခြင်းကို ပြု၏။- ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တစ်ကျွန်းတစ်နိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။- ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟောပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။- ငါတို့ မသိမကျွမ်းဖူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည်ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။- အာသင်မြို့သူ မြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည် သတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်း အမှုမှတစ်ပါး အခြားသောအမှုဖြင့် ကာလကို မလွန်စေတတ်ကြ။ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။- လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင်၊ ငါတို့မသိသော ဘုရားသခင်အဖို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။- လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။- ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့် တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။
တမန်တော် 17 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 17:16-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ