၂ ရှင်ပေတရု 2
2
မိစ္ဆာပရောဖက်
1သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။- 2သူတို့ညစ်ညူးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရေသည် ပျက်စီးလိမ့်မည်။- 3သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့် သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလမှစ၍ မဖင့်မနွှဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။
4အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။- 5ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။- 6သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင်တော်မူသဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သောသူတို့အား ပုံသက်သေကို ထားတော်မူ၏။- 7ထိုအခါ မတရားသောသူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ယှက်ခြင်းကို ခံရသောသူ၊ ဖြောင့်မတ်သော လောတကို ကယ်နုတ်တော်မူ၏။- 8ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။- 9-10ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့်တကွ၊ ကာမဂုဏ်အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူးသဖြင့် ဒဏ်ခံစေမည်အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဖို့ ချုပ်ထားခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့်သောသူ၊ ကိုယ်အလိုသို့ လိုက်တတ်သောသူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ၏။- 11ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။- 12သူတို့မူကား၊ ဖမ်း၍ဖျက်ဆီးဖို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျက်စီးခြင်းသို့ရောက်၍၊ မတရားသောအမှု၏ အပြစ်ကို ခံရကြလိမ့်မည်။- 13နေ့အချိန်၌ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစားခြင်းအမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘောရှိ၏။ သင်တို့နှင့်အတူ စားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ်ခံစား၍၊ သင်တို့၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ၏။- 14သူတို့သည် သူ့မယားကိုပြစ်မှားသော ကိလေသာနှင့် ပြည့်စုံသောမျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏သား ဖြစ်ကြ၏။- 15ဖြောင့်မတ်သောလမ်းထဲကထွက်၍ လွှဲသွားသဖြင့်၊ ဗောသော်၏သားဗာလမ်၏လမ်းကို လိုက်ကြ၏။- 16ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့်မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။
17ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့လည်းကောင်း၊ လေတိုက်၍ လွင့်သောမိုးတိမ်ကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ သူတို့အဖို့ တစ်ခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ၏။- 18အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည်သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသော အချည်းနှီးစကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။- 19လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက်ခြင်း၏ကျွန် ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏သခင် ဖြစ်၏။- 20ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တစ်ဖန် ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။- 21ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တစ်ဖန် စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။- 22ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်း ဆေးပြီးမှ ရွှံ့တွင်လူးပြန်၏ဟု မှန်သော စကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။#သု၊ ၂၆း၁၁။
လက်ရှိရွေးချယ်ထားမှု
၂ ရှင်ပေတရု 2: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.