YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 18:13-37

၄ ဓမ္မရာဇဝင် 18:13-37 JBMLE

ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သ​နာ​ခ​ရိပ်​သည် ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​ရှိ​သ​မျှ​တို့​ကို စစ်​ချီ၍ လုပ်​ကြံ​လေ၏။ ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ရှိ​ရာ လာ​ခိ​ရှ​မြို့​သို့​စေ​လွှတ်၍၊ အ​ကျွန်ုပ်​မှား​ပါ​ပြီ။ ပြန်​သွား​တော်​မူ​ပါ။ ကိုယ်​တော်​တင်​သ​မျှ​ကို​ထမ်း​ပါ​မည်​ဟု လျှောက်​စေ​သော်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ယု​ဒ​ရှင်​ဘု​ရင်​ဟေ​ဇ​ကိ၌ ငွေ​အ​ခွက်​သုံး​ထောင်၊ ရွှေ​အ​ခွက်​သုံး​ရာ​ကို​တောင်း၏။ ဟေ​ဇ​ကိ​သည် ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော် ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ တွေ့​သ​မျှ​သော​ငွေ​ကို ပေး၏။ ဗိ​မာန်​တော်​တံ​ခါး၊ တန်​ဆာ​များ၊ ကိုယ်​တိုင်​အ​ရင်​မွမ်း​မံ​သော တိုင်​တန်​ဆာ​များ​ကို​လည်း​ချွတ်၍ အာ​ရှု​ရိ​ရှင်​ဘု​ရင်​အား​ပေး၏။ နောက်​တစ်​ဖန် အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် တာ​တန်၊ ရာ​ဗ​သာ​ရိတ်၊ ရာ​ဗ​ရှာ​ခ​တို့​ကို များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​သ​ဖြင့်၊ သူ​တို့​သည် ရောက်​သော​အ​ခါ၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ​ကြ၏။ ရှင်​ဘု​ရင်​ကို ခေါ်​သော​အ​ခါ၊ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ်​ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် သူ​တို့​ထံ​သို့​ထွက်​ပြီး​လျှင်၊ ရာ​ဗ​ရှာ​ခ​က၊ မ​ဟာ​အ​ရှင်​မင်း​ကြီး၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဟေ​ဇ​ကိ​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​ခို​လှုံ​သ​ဖြင့် ခို​လှုံ​ရာ​ကား အ​ဘယ်​သို့​နည်း။ စစ်​တိုက်​လောက်​အောင် ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ငါ​ပြည့်​စုံ​သည်​ဟု အ​ချည်း​နှီး​သော​စ​ကား​ကို သင်​ဆို​ပါ​သည်​တ​ကား။ ငါ့​ကို​ပုန်​ကန်​ခြင်း​ငှာ အ​ဘယ်​သူ​ကို ကိုး​စား​သ​နည်း။ ကျိုး​သော​ကျူ​လုံး တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော သူ​အ​ပေါင်း​တို့​ကို​ပြု​လိမ့်​မည်။ သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား​ဖြစ်​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ ယ​ခု​တွင် ငါ့​သ​ခင်​အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင် မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။ သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​မ​ရှိ​ဘဲ ဤ​ပြည်​ကို​ဖျက်​ဆီး​ခြင်း​ငှာ ငါ​လာ​သ​လော။ ထို​ပြည်​ကို​သွား၍ ဖျက်​ဆီး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​ပြီ။ ဤ​အ​ကြောင်း​အ​ရာ​များ​ကို ပြန်​ပြော​ကြ​လော့​ဟု ပြော​ဆို၏။ ထို​အ​ခါ ဟိ​လ​ခိ​သား ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော သူ​တို့​သည်​ကြား​ရ​အောင် ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို​ဆို​ကြ​လျှင်၊ ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ​ထိုင်​လျက် သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော​သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု​ဆို​ပြီး​လျှင်၊ ရာ​ဗ​ရှာ​ခ​သည်​ထ၍ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်၊ မ​ဟာ​အ​ရှင်​မင်း​ကြီး အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​ကား၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို မ​လှည့်​စား​စေ​နှင့်။ သူ​သည် သင်​တို့​ကို​ငါ့​လက်​မှ ကယ်​ယူ​ခြင်း​ငှာ မ​တတ်​နိုင်။ ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဧ​ကန်​အ​မှန်​ကယ်​ယူ​တော်​မူ​မည်။ ဤ​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် လက်​သို့ မ​ရောက်​ရ​ဟု​ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​စား​စေ​နှင့်။ ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့​ထွက်​လာ​ကြ။ သင်​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သင်​တို့​ပြည်​နှင့်​တူ​သော ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့်​စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဆီ၊ ပျား​ရည်​များ​သော​ပြည်​သို့​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင် သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏ အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏​အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က​ရေ​ကို​သောက်​လျက် နေ​ကြ​ဦး​လော့။ ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​ကယ်​ယူ​တော်​မူ​မည်​ဟု မ​ဖြား​ယောင်း​စေ​နှင့်။ အ​ပြည်​ပြည်​သော ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။ ဟာ​မတ်​ပြည်၏​ဘု​ရား၊ အာ​ပဒ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၊ ဟေ​န​ပြည်၊ ဣ​ဝါ​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။ ထို​အ​ပြည်​ပြည်​သော ဘု​ရား​တို့​တွင် အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို ငါ့​လက်​မှ အ​ဘယ်​သို့ ကယ်​လွှတ်​နိုင်​မည်​နည်း​ဟု ဆို​လေ၏။ ယု​ဒ​လူ​တို့​လည်း စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။ ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား​အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍ ရာ​ဗ​ရှာ​ခ​စ​ကား​ကို​ကြား​လျှောက်​ကြ၏။