ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်၌ ရှိသော အသင်းတော်များတို့အား ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။- အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှင်းသူတို့အား လုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန်ကြ၏။- ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်အတိုင်းထက်မက ပြု၍၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ရှေ့ဦးစွာ သခင်ဘုရား၌လည်းကောင်း၊ ငါတို့၌လည်းကောင်း၊ မိမိတို့ကို မိမိတို့ လှူကြ၏။- ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရာဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့် ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှ စသော အလုံးစုံတို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည်စုံခြင်း ဖြစ်စေသတည်း။- ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည် မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏မေတ္တာသည် မှန်သည်မမှန်သည်ကို စုံစမ်းသောအားဖြင့် ဆိုသတည်း။- အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။ ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြ၏။ မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသောသင်တို့သည် ဤအမှုကိုပြီးစေလျှင် သာ၍ ကောင်းလိမ့်မည်။- သို့ဖြစ်၍၊ အထက်က စေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။- အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။- ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍ သင်တို့သည် ဆင်းရဲစေခြင်းငှာ ငါအကြံရှိသည် မဟုတ်။- များများရသောသူ မပို။ နည်းနည်းရသောသူ မလိုဟူသော ကျမ်းစကားနှင့်အညီ၊ မျှခြင်းတရားကိုထောက်၍၊ ယခု၌ သင်တို့၏ စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်လည်းကောင်း၊ အညီအမျှဖြစ်စေခြင်းငှာ ငါအကြံရှိ၏။
၂ ကောရိန္သု 8 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ ကောရိန္သု 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 8:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ