နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏။ ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။ ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။ ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကို လုယူခြင်းငှာ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဖိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုပ်ထားလျက် နေကြ၏။ စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ စောင်း၊ တယော၊ တံပိုးကို တီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည်ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။ ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။
၂ ရာဇဝင်ချုပ် 20 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ရာဇဝင်ချုပ် 20:20-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ