ရှောလု၏ ကျွန်တို့ကလည်း၊ ယခုမှာ ဘုရားသခင်ထံတော်က ဆိုးသောဝိညာဉ်သည် ကိုယ်တော်ကို နှောင့်ယှက်တတ်ပါ၏။ ခစားသော ကိုယ်တော်၏ကျွန်တို့သည်၊ သာယာစွာ စောင်းတီးတတ်သောသူကို ရှာဖွေရမည်အကြောင်း အရှင်အမိန့်ရှိတော်မူပါ။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ် လာသောအခါ၊ သူသည် စောင်းတီးသဖြင့် ကိုယ်တော်သည် ချမ်းသာရတော်မူမည်ဟု လျှောက်လျှင်၊ ရှောလုက၊ သာယာစွာ တီးတတ်သောသူကို ငါ့အဖို့ရှာဖွေ၍ ငါ့ထံသို့ ခေါ်ခဲ့ကြဟု ကျွန်တို့အား မိန့်တော်မူသော်၊ ကျွန်တစ်ယောက်က၊ ကျွန်တော်တွေ့ဖူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌လည်းကောင်း၊ ပညာစကား၌လည်းကောင်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊ ရှောလုက၊ ယေရှဲရှိရာသို့ လူကိုစေလွှတ်၍၊ သိုးထိန်းဖြစ်သော သင်၏သားဒါဝိဒ်ကို ငါ့ထံသို့ စေလွှတ်ရမည်ဟု အမိန့်တော်ရှိ၏။ ယေရှဲသည် မုန့်တင်သောမြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကိုယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံသို့ ပေးလိုက်လေ၏။ ဒါဝိဒ်သည် ရှောလုထံသို့ရောက်၍ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင်အရာ၌ ခန့်ထား၏။ ရှောလုသည်လည်း ယေရှဲရှိရာသို့လူကိုစေလွှတ်၍၊ ဒါဝိဒ်ကို ငါ့စိတ်နှင့်တွေ့သောကြောင့် ငါ့ထံ၌ ခစားပါစေဟု အခွင့်တောင်းလေ၏။ ဘုရားသခင့်ထံတော်က ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သောအခါ၊ ဒါဝိဒ်သည် စောင်းကိုယူ၍တီးသဖြင့် ဆိုးသောဝိညာဉ်ထွက်သွား၍၊ ရှောလုသည် သက်သာလျက် ပကတိကျန်းမာလျက်ရှိတတ်၏။
၁ ဓမ္မရာဇဝင် 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 16:15-23
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ