တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ ရှမွေလက၊ အကျွန်ုပ်သည် အဘယ်သို့ သွားနိုင်ပါမည်နည်း။ ရှောလုကြားလျှင် သတ်ပါလိမ့်မည်ဟု လျှောက်သော်၊ ထာဝရဘုရားက၊ နွားမတမ်းကိုယူ၍ ငါသည် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာလာပြီဟု ပြောလော့။ ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ရှမွေလပြု၍ ဗက်လင်မြို့သို့ သွားလေ၏။ ဗက်လင်မြို့သား အသက်ကြီးသူတို့သည် ရှမွေလနှင့် တွေ့သောအခါ တုန်လှုပ်၍၊ ကိုယ်တော်သည် ချမ်းသာပေးလျက် လာတော်မူသလောဟု မေးလျှောက်ကြသော်၊ ချမ်းသာပေးလျက် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှာ ငါလာပြီ။ မိမိတို့ကို သန့်ရှင်းစေပြီးမှ ငါနှင့်အတူ ယဇ်ပွဲသို့လာကြဟုဆိုသဖြင့်၊ ယေရှဲနှင့် သူ၏သားတို့ကို သန့်ရှင်းစေ၍ ယဇ်ပွဲသို့ခေါ်လေ၏။ သူတို့သည် ရောက်လာသောအခါ ဧလျာဘကို ကြည့်ရှု၍၊ စင်စစ်ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံရသောသူသည် ငါ့ရှေ့မှာရှိ၏ဟု ဆိုလေသော်၊ ထာဝရဘုရားက၊ သူ၏မျက်နှာ၊ သူ၏အရပ်ကို မကြည့်မရှုနှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်ဟု ရှမွေလအားမိန့်တော်မူ၏။ တစ်ဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။ တစ်ဖန် ယေရှဲသည် ရှိမာကို သွားစေသဖြင့်၊ ဤသူကိုလည်း ထာဝရဘုရားရွေးတော်မမူဟု ဆို၏။ တစ်ဖန် ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ။ သင်၌ သားမရှိပြီလောဟု ယေရှဲအားမေးလျှင်၊ ယေရှဲက အငယ်ဆုံးသောသား ရှိပါသေး၏။ သိုးတို့ကို ထိန်းကျောင်းလျက်နေပါသည်ဟု ပြောဆိုသော်၊ ရှမွေလက သူ့ကိုခေါ်စေခြင်းငှာ လူကိုစေလွှတ်ပါ။ သူမရောက်မီ ပွဲသို့ဝင်၍ မထိုင်ရဟု ဆိုသည်အတိုင်း၊ စေလွှတ်၍ သူ့ကိုခေါ်ခဲ့၏။ သူသည် နီသောဆံပင်ရှိ၏။ လှသောအဆင်းနှင့် ချစ်ဖွယ်သောမျက်နှာလည်း ရှိ၏။ ထာဝရဘုရားက ဤသူပေတည်း။ ထ၍ဘိသိက်ပေးလော့ဟု မိန့်တော်မူ၏။ ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေလသည်ထ၍ ရာမမြို့သို့ ပြန်သွား၏။
၁ ဓမ္မရာဇဝင် 16 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 16:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ