ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။ ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟုမေးသော်၊ ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။ ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။ ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့၏ အထွတ်သို့ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည်မဟုတ်လော။ ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမီတိုင်အောင် စစ်တိုက်လော့ဟု သင့်ကိုဝေးသောအရပ်သို့ စေလွှတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့်ပြုဘိသနည်းဟု ပြောဆိုသော်၊ ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရဘုရား စေခိုင်းတော်မူသောလမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကိုဆောင်ခဲ့၍၊ အာမလက်အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။ သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်လိုသောငှာလုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူကြပါပြီဟု ပြောဆိုပြန်၏။ ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ဆို၏။ ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကိုကြောက်၍ သူတို့စကားကို နားထောင်သောကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏စကားကိုလည်းကောင်း လွန်ကျူးပါပြီ။ အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊ ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကိုနုတ်၍ သင့်ကိုပယ်တော်မူပြီဟု ရှောလုအားဆိုပြီးမှ၊ လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။ ရှမွေလကလည်း၊ ယနေ့ ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှဆုတ်ယူ၍၊ သင့်ထက်ကောင်းသော သင်၏အိမ်နီးချင်းအားပေးတော်မူပြီ။ ထိုမှတစ်ပါး ဣသရေလအမျိုး၏အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသားသုံးခြင်း၊ နောင်တရခြင်းနှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှာလူဖြစ်တော်မမူဟု ဆိုသော်၊ ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း၊ အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊ ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
၁ ဓမ္မရာဇဝင် 15 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 15:13-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ