YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 10

10
1ဆီ​ဘူး​ကို​ယူ၍ ရှော​လု၏​ခေါင်း​ပေါ်​မှာ​လောင်း​လေ၏။ တစ်​ဖန်​သူ့​ကို​နမ်း​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မွေ​တော်​လူ​မျိုး၏ မင်း​အ​ရာ၌​ခန့်​ထား၍ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး​တော်​မူ၏။ 2ယ​နေ့ ငါ​နှင့်​ကွာ၍ သွား​သော​အ​ခါ၊ ဗင်္ယာ​မိန်​ခ​ရိုင်​စွန်း၊ ဇေ​လ​ဇ​ရွာ၊ ရာ​ခေ​လ​သင်္ချိုင်း​အ​နား​မှာ လူ​နှစ်​ယောက်​ကို တွေ့​လိမ့်​မည်။ သူ​တို့​က၊ သင်​သွား၍ ရှာ​သော​မြည်း​တို့​ကို တွေ့​ပြီ။ သင်၏​အ​ဘ​သည် မြည်း​တို့​ကို အ​မှု​မ​ထား၊ ငါ့​သား​အ​ဖို့ အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု​ဆို​လျက် စိုး​ရိမ်​ကြောင်း​ကို ပြော​ကြ​လိမ့်​မည်။ 3ထို​အ​ရပ်​မှ​လွန်၍ တာ​ဗော်​လွင်​ပြင်​သို့ ရောက်​လျှင်၊ ဆိတ်​သ​ငယ်​သုံး​ကောင်​ကို ဆောင်​သော​သူ​တစ်​ယောက်၊ မုန့်​သုံး​လုံး​ကို ဆောင်​သော​သူ တစ်​ယောက်၊ စ​ပျစ်​ရည်​ဘူး​ကို​ဆောင်​သော​သူ တစ်​ယောက်​တည်း​ဟူ​သော ဗေ​သ​လ​မြို့ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ သွား​သော​သူ သုံး​ယောက်​တို့​နှင့် သင်​သည်​တွေ့​ကြုံ​လိမ့်​မည်။ 4ထို​သူ​တို့​သည် နှုတ်​ဆက်​ပြီး​လျှင် မုန့်​နှစ်​လုံး​ကို​ပေး၍၊ သင်​သည် သူ​တို့​လက်​မှ​ခံ​ယူ​ရ​လိမ့်​မည်။ 5ထို​နောက်​မှ ဖိ​လိ​တ္တိ​တပ်​ရှိ​ရာ ဘု​ရား​သ​ခင်၏​တောင်​သို့​ရောက်၍ မြို့​သို့​ချဉ်း​ကပ်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​သည် တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စောင်း​ပါ​လျက် ပ​ရော​ဖက်​ပြု​လျက်၊ မြင့်​သော​အ​ရပ်​မှ ဆင်း​လာ​ကြ​သည်​ကို တွေ့​လိမ့်​မည်။ 6ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သင်​သည် သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု၍ ခြား​နား​သော​သူ ဖြစ်​လိမ့်​မည်။ 7ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​သည် သင်၌​ဖြစ်​သော​အ​ခါ၊ အ​ဆင်​သင့်​သည်​အ​တိုင်း ပြု​လော့။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ၏။ 8သင်​သည်​လည်း ငါ့​ရှေ့​မှာ ဂိ​လ​ဂါ​လ​မြို့​သို့ သွား​ရ​မည်။ ငါ​သည်​လည်း မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ခြင်း​ငှာ သင်​ရှိ​ရာ​သို့​လာ​မည်။ ငါ​လာ၍ သင်​ပြု​ရ​သော အ​မှု​ကို​မ​ပြ​မီ​တိုင်​အောင် သင်​သည်​ငံ့​နေ​ရ​မည်​ဟု ဆို၏။ 9ရှော​လု​သည် ရှ​မွေ​လ​ထံ​မှ​ထွက်​သွား​မည်​ဟု လှည့်​သော​အ​ခါ၊ ခြား​နား​သော စိတ်​နှ​လုံး​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ​အ​လုံး​စုံ​တို့​သည် ထို​နေ့​ချင်း​တွင်​ဖြစ်​လေ၏။ 10တောင်​တော်​သို့ ရောက်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​တို့​သည် ဆီး၍ ကြို​ကြ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​လေ၏။ 11ရှော​လု​သည် ပ​ရော​ဖက်​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​သည်​ကို အ​ထက်​က သိ​ကျွမ်း​သော​သူ​တို့​သည် မြင်​သော​အ​ခါ၊ ကိ​ရှ၏​သား၌ အ​ဘယ်​သို့​ဖြစ်​သ​နည်း။ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟု တစ်​ယောက်​ကို​တစ်​ယောက် မေး​မြန်း​ကြ၏။ 12ထို​အ​ရပ်​သား တစ်​ယောက်​က၊ သူ​တို့​အ​ဘ​ကား အ​ဘယ်​သူ​နည်း​ဟု​ဆို၍၊ ရှော​လု​သည်​လည်း ပ​ရော​ဖက်​တို့၌ ပါ​သ​လော​ဟူ​သော​စ​ကား​သည် ပုံ​စ​ကား​ဖြစ်​လေ၏။#၁​ရာ၊ ၁၉:၂၃-၂၄။ 13ရှော​လု​သည်​ပ​ရော​ဖက်​ပြု​ပြီး​မှ မြင့်​သော​အ​ရပ်​သို့ သွား၏။ 14ရှော​လု၏​ဘ​ထွေး​က၊ သင်​တို့​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း​ဟု ရှော​လု​နှင့်​ငယ်​သား​ကို မေး​လျှင်၊ ရှော​လု​က၊ မြည်း​တို့​ကို​ရှာ​ရ​အောင် သွား၏။ မ​တွေ့​သော​အ​ခါ ရှ​မွေ​လ​ထံ​သို့ ရောက်​သည်​ဟု ပြန်​ပြော၏။ 15ဘ​ထွေး​က​လည်း၊ ရှ​မွေ​လ​သည် အ​ဘယ်​သို့​ပြော​သ​နည်း။ ငါ့​အား ပြန်​ပြော​ပါ​ဟု တောင်း​ပန်​သော်၊ 16မြည်း​တို့​ကို​တွေ့​ပြီ​ဟု ရှ​မွေ​လ​သည် အ​တပ်​ပြော​ကြောင်း​ကို​သာ ရှော​လု​သည် ဘ​ထွေး​အား​ပြန်​ပြော၍၊ ရှ​မွေ​လ​ပြော​သော နိုင်​ငံ​အ​မှု​အ​ရေး​ကို ဘ​ထွေး​အား​မ​ကြား​မ​ပြော​ဘဲ​နေ၏။
ရှော​လု​ကိုဘု​ရင်​အ​ဖြစ်​တင်​မြှောက်ခြင်း
17တစ်​ဖန် ရှ​မွေ​လ​သည် လူ​များ​တို့​ကို မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်၍ စည်း​ဝေး​စေ​ပြီး​လျှင်၊ 18ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ အဲ​ဂု​တ္တု​မင်း​အ​စ​ရှိ​သော သင်​တို့​ကို ညှဉ်း​ဆဲ​သော မင်း​အ​ပေါင်း​တို့​လက်​မှ ကယ်​နုတ်​သော်​လည်း၊ 19သင်​တို့​ကို ဒု​က္ခ​ဆင်း​ရဲ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​အ​ထဲ​က ကယ်​တင်​သော သင်​တို့၏​ဘု​ရား​သ​ခင်​ကို ယ​နေ့ သင်​တို့​သည်​ပယ်​ကြ​ပြီ။ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရှင်​ဘု​ရင်​ရှိ​စေ​ခြင်း​ငှာ ချီး​မြှောက်​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြီ။ သို့​ဖြစ်၍ အ​မျိုး​အ​သီး​အ​သီး၊ အ​ဆွေ​အ​သီး​အ​သီး​အ​လိုက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ချည်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆို​သ​ဖြင့်၊ 20အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​ကို ချဉ်း​ကပ်​စေ​ပြီး​မှ၊ ဗင်္ယာ​မိန်​အ​မျိုး​ကို မှတ်​တော်​မူ၏။ 21ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​အ​လိုက် ချည်း​ကပ်​စေ​ပြီး​မှ၊ မာ​တ​ရိ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ ကိ​ရှ၏​သား ရှော​လု​ကို​လည်း​ကောင်း မှတ်​တော်​မူ​သ​ဖြင့် သူ့​ကို​ရှာ၍​မ​တွေ့​ကြ။ 22ထို​သူ​သည် လာ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လှည်း​များ အ​စ​ရှိ​သည်​တို့၌ ပုန်း၍​နေ​သည်​ဟု မိန့်​တော်​မူ၏။ 23သူ​တို့​သည် ပြေး၍ ခေါ်​ခဲ့​ကြ၏။ ရှော​လု​သည် လူ​များ​တို့​တွင် ရပ်​သော​အ​ခါ၊ ပ​ခုံး​အ​ထက်​မှာ အ​ခြား​သော​သူ​ထက် အ​ရပ်​သာ၍​မြင့်၏။ 24ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​တော်​မူ​သော​သူ​ကို ကြည့်​ကြ​လော့။ လူ​ခပ်​သိမ်း​တို့​တွင် သူ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​က၊ ရှင်​ဘု​ရင်​အ​သက်​တော်​မြဲ​ပါ​စေ​ဟု ကြွေး​ကြော်​ကြ၏။ 25ရှ​မွေ​လ​သည်​လည်း မင်း​ကျင့်​တ​ရား​ကို လူ​များ​တို့​အား ဟော​ပြော၍ စာ၌​ရေး​မှတ်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​ကို အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့ လွှတ်​လိုက်​လေ၏။ 26ရှော​လု​သည်​လည်း ဂိ​ဗာ​မြို့ မိ​မိ​အိမ်​သို့​သွား၍၊ ဘု​ရား​သ​ခင် သွေး​ဆောင်​တော်​မူ​သော လူ​အ​ပေါင်း​အ​သင်း​သည် သူ​နှင့်​အ​တူ လိုက်​သွား​ကြ၏။ 27အ​ဓ​မ္မ​လူ​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို အ​ဘယ်​သို့ ကယ်​တင်​လိမ့်​မည်​နည်း​ဟု ဆို​လျက်၊ လက်​ဆောင်​ကို မ​ဆက်​ဘဲ မ​ထီ​မဲ့​မြင်​ပြု​သော်​လည်း၊ ရှော​လု​သည် အ​မှု​မ​ထား​ဘဲ​နေ၏။

လက်ရှိရွေးချယ်ထားမှု

၁ ဓမ္မရာဇဝင် 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ