ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ ဟန္နသည် ညှိုးငယ်သောစိတ်နှင့် ထ၍၊ မျက်ရည်များစွာကျလျက် ထာဝရဘုရားကို ဆုတောင်းသည်ကား၊ အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။ ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊ သင်သည် အဘယ်မျှကာလပတ်လုံး ယစ်မူးလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ဟု ဆို၏။ ဟန္နကလည်း၊ မဟုတ်ပါအရှင်။ ကျွန်မသည် စိတ်ညှိုးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ၊ သေရည်သေရက်ကို မသောက်ပါ၊ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက် နေပါ၏။ ကိုယ်တော်၏ကျွန်မကို အဓမ္မမိန်းမ ဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များသည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိက၊ ငြိမ်ဝပ်စွာသွားလော့။ ယခု ဆုတောင်းသည်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော် မူပါစေသောဟု မြွက်ဆို၏။ ဟန္နကလည်း၊ ကိုယ်တော်၏ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏။ ထိုသူတို့သည် နံနက်စောစောထ၍ ထာဝရဘုရားရှေ့တော်၌ ကိုးကွယ်ပြီးလျှင်၊ ရာမမြို့မှာရှိသော မိမိတို့အိမ်သို့ ပြန်သွားကြ၏။ ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့်၊ ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ၊ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့်၊ ရှမွေလအမည်ဖြင့် မှည့်လေ၏။ ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့်အတူ နှစ်စဉ် ပြုရသောယဇ်ကိုလည်းကောင်း၊ သစ္စာကတိနှင့်ဆိုင်သော ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ခြင်းငှာ တက်သွားသောအခါ၊ ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟု ဆိုလျှင်၊ ခင်ပွန်းဧလကာနက၊ စိတ်ရှိသည် အတိုင်းပြုလော့။ နို့နှင့်မကွာမီတိုင်အောင် နေလော့။ ထာဝရဘုရား၏ ကတိတော်သာ တည်ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ်ကိုနို့တိုက်လျက် နို့မကွာမီတိုင်အောင် မသွားဘဲနေ၏။ နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတစ်ကောင်၊ မုန့်ညက် တစ်ဧဖာ၊ စပျစ်ရည်တစ်ဘူးနှင့်တကွ သူငယ်ကိုဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။ နွားကိုသတ်၍ သူငယ်ကို ဧလိထံသို့သွင်းလျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊ ကိုယ်တော် အသက်ရှင်သည်အတိုင်း၊ ကျွန်မသည် ယမန်တစ်ခါ ဤအရပ်၌ ကိုယ်တော်အနားမှာရပ်လျက် ဆုတောင်းသောမိန်းမ ဖြစ်ပါ၏။ ထိုအခါ ဤသူငယ်ကိုရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။ ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရားထံတော်၌ အငှားခံ၍ နေရပါမည်သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
၁ ဓမ္မရာဇဝင် 1 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 1:9-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ