အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။- သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍၊ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏။- သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။- ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့၊ သတိပညာနှင့် လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍၊ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။ အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။- သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ်၍၊ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။- အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသားစကားကို မပြောစေနှင့်။- ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။- အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။- သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။- ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။- စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။- ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသောသူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင် ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။- ဘုရားသခင့် အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက် သာ၍ကောင်း၏။- ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။
၁ ရှင်ပေတရု 3 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ရှင်ပေတရု 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ပေတရု 3:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ