လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊- အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။- ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။- သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ ရောက်ပြန်၏။- နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်း ဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။ သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ၊ ရွေးချယ်တော်မူသောအမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။- အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်း ယခုတွင် ခံရကြ၏။ ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။- သာသနာပလူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။ သခင်ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွတ်အမြတ်တည်းဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်စေခြင်းငှာလည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှာလည်းကောင်း၊- ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင်ခန့်ထားသမျှသော မင်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။- အကြောင်းမူကား၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသောစကားကို ချေစေခြင်းငှာ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။- လူလွတ်ဖြစ်သော်လည်း၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ ကျင့်နေကြလော့။- ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။ အစေခံငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည် စိတ်ကောင်း၍ ဖြည်းညင်းသောသဘော ရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသောသဘော ရှိသည်ဖြစ်စေ ဝန်ခံကြလော့။- အကြောင်းမူကား၊ ဘုရားသခင်၏မျက်နှာတော်ကို ထောက်၍၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။- ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်းစရာရှိသနည်း။ ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။- အကြောင်းမူကား၊ ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။- ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသားကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။- အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကို မပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။- ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက် ရှိကြ၏။- သင်တို့သည် အထက်ကလမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။
၁ ရှင်ပေတရု 2 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ရှင်ပေတရု 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ပေတရု 2:4-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို