ယေရှုခရစ်၏တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖျန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်းဟူသော၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန် ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။- ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသော အမွေတည်း။- အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ် ရှိကြ၏။- ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊- စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။- ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။- ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။ သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။- အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊- သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။- အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။- လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။- မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။- အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။- ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။- သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊- မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။- လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။- ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
၁ ရှင်ပေတရု 1 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ရှင်ပေတရု 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ပေတရု 1:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ