ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။- သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။- ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။- အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။- ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။- ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီး ဖြစ်တော်မူပြီ။- သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့် တည်လျက်ရှိ၏။- လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။- သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီး ဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုအခါ ခရစ်တော်သည် အထွတ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူပြီးမှ ကမ္ဘာကုန်ရလတ္တံ့။- ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမီတိုင်အောင် အုပ်စိုးတော်မူရမည်။- နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတ္တံ့။- ခပ်သိမ်းသောအရာတို့ကို လူသား၏ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထားတော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။- ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံကို ခံရကြသနည်း။- ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။- ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင်ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။- သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက်က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ်အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။- အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏။- တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သောသူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။
၁ ကောရိန္သု 15 ကိုဖတ်ပါ။
နားထောင်ပါ။ ၁ ကောရိန္သု 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ကောရိန္သု 15:12-34
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ