YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇေဖနိအနာဂတ္တိကျမ်း 3:9-20

ဇေဖနိအနာဂတ္တိကျမ်း 3:9-20 MSBU

လူ​အပေါင်း​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ပတ္ထနာပြု​လျက် တစ်စိတ်တစ်သဘောတည်း​ဖြင့် ဝတ်ပြု​နိုင်​ရန် ငါ​သည် သူ​တို့​အား သန့်ရှင်း​သော​နှုတ်​ကို ပြန်ပေး​မည်​။ အီသီယိုးပီးယား​မြစ်​တစ်ဖက်ကမ်း​ရှိ ငါ့​ကို​ဝတ်ပြုကိုးကွယ်သူ​များ​ဖြစ်​သည့် ကွဲလွင့်​နေ​သော​ငါ့​လူမျိုး​တော်​သမီးပျို​များ​သည် ငါ့​အဖို့ ဘောဇဉ်ပူဇော်သက္ကာ​ကို ယူဆောင်​လာ​ကြ​လိမ့်မည်​။ ထို​နေ့ရက်​တွင် ငါ့​ကို သင်​ပုန်ကန်​ခဲ့​သော​အမှု​အလုံးစုံ​ကြောင့် သင်​အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။ သင့်​အထဲ​ရှိ အပျော်အပါး​လိုက်စား​ခြင်း​၊ မာနထောင်လွှား​ခြင်း​တို့​ကို ငါ​ဖယ်ရှား​ပစ်​မည်​။ ထို့ကြောင့် ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​တွင် ဘဝင်မြင့်​ခြင်း​များ ရှိ​တော့​မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သူ​များ​၊ ဆင်းရဲသား​များ​ကို သင့်​ထံ​တွင် ငါ​ချန်ထား​မည်​။ သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ခိုလှုံ​ကြ​လိမ့်မည်​။ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​တို့​သည် မတရားမှု​ကို​မ​ပြု​၊ လိမ်လည်​၍​မ​ပြော​၊ သူ​တို့​နှုတ်​၌ လှည့်စား​တတ်​သော​လျှာ​လည်း ရှိ​မည်​မ​ဟုတ်​။ သူ​တို့​သည် ခြိမ်းခြောက်​မည့်​သူ​မ​ရှိ​ဘဲ စားသောက်​လျက်​၊ လဲလျောင်း​လျက် နေ​ရ​လိမ့်မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ အို ဇိအုန်​သမီးပျို​၊ သီချင်းဆို​လော့​။ အို အစ္စရေး​လူမျိုး​၊ ကြွေးကြော်​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ စိတ်နှလုံး​အကြွင်းမဲ့​ဝမ်းမြောက်​ရွှင်လန်း​လော့​။ ထာဝရဘုရား​သည် သင်​ခံရ​မည့်​အပြစ်ဒဏ်​များ​ကို ပယ်ရှား​လိုက်​ပြီ​။ ရန်သူ​တို့​ကို​လည်း သင့်​ထံမှ ပြန်လှည့်​သွား​စေ​ပြီ​။ အစ္စရေး​ဘုရင်​ထာဝရဘုရား​သည် သင့်​အလယ်​တွင် ရှိ​နေ​သည်​ဖြစ်၍ သင်​သည် ဘေးအန္တရာယ်​ကို ကြောက်​ရ​တော့​မည်​မ​ဟုတ်​။ ထို​နေ့ရက်​တွင် ဂျေရုဆလင်​မြို့​အား “​မ​ကြောက်​နှင့်​၊ ဇိအုန်​မြို့​၊ လက်ပန်း​မ​ကျ​နှင့်​။ သင်​၏​ဘုရားသခင် ထာဝရဘုရား​သည် သင့်​အလယ်​တွင်​ရှိ​၍ အားကြီး​သော​အရှင်​သည် သင့်​ကို ကယ်တင်​လိမ့်မည်​။ ကိုယ်တော်​သည် သင်​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​လိမ့်မည်​။ ချစ်​သော​စိတ်​ဖြင့် ငြိမ်ဝပ်​စွာ​နေ​လိမ့်မည်​။ သင်​နှင့်အတူ ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်”​ဟု ဆို​လိမ့်မည်​။ “သတ်မှတ်​ထား​သော​ပွဲတော်​ကြောင့် ဝမ်းနည်း​နေ​ရ​၍ သင်​၏​ကဲ့ရဲ့​ခြင်း​ဝန်​ကို​လည်း ထမ်း​နေ​ရ​သော​သူ​တို့​ကို ငါ​စုဝေး​မည်​။ သင့်​အား နှိပ်စက်​ခဲ့​သော​သူ​အပေါင်း​တို့​ကို ထို​နေ့ရက်​တွင် ငါ​စီရင်​မည်​။ ခြေမသန်သူ​တို့​ကို ငါ​ကယ်တင်​မည်​။ နှင်ထုတ်​ခံရ​သူ​တို့​ကို ပြန်လည်​စုစည်း​၍ သူ​တို့​အရှက်ရ​ခဲ့​သော​ပြည်​အသီးသီး​တို့​၌ သူ​တို့​ကို အချီးမွမ်း​ခံရ​သူ​များ​၊ ကျော်ကြား​သူ​များ ဖြစ်စေ​မည်​။ ထို​အချိန်​၌ သင်​တို့​ကို ငါ​ဆောင်​ခဲ့​မည်​။ ထို​အချိန်​၌ သင်​တို့​ကို ငါ​စုစည်း​မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို သင်​တို့​ရှေ့​သို့ ပြန်လာ​စေ​မည်​။ ကမ္ဘာလောက​သား​တို့​အလယ်​တွင် သင်​တို့​ကို ငါ​ချီးမြှောက်​၍ ဂုဏ်သရေ​ရှိ​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။