YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 8:22-30

ရောမဩဝါဒစာ 8:22-30 MSBU

ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​သည် ယခု​တိုင်အောင် အတူတကွ​ညည်းတွား​လျက် အတူတကွ​သားဖွား​ခြင်း​ဝေဒနာ​ကို​ခံစား​လျက်​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။ ထိုမျှမက ဝိညာဉ်​တော်​၏​အသီးဦး​ကို​ရရှိ​သော ငါ​တို့​ကိုယ်တိုင်​သည်​လည်း သားသမီး​အရာ​ကို​ရ​ခြင်း​တည်းဟူသော ငါ​တို့​၏​ကိုယ်ခန္ဓာ​ရွေးနုတ်​ခံရ​ခြင်း​ကို စောင့်မျှော်​လျက် စိတ်နှလုံး​ထဲ၌ ညည်းတွား​နေ​ကြ​၏။ ငါ​တို့​သည် ဤ​မျှော်လင့်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ သို့သော် မြင်​နေ​ရ​သော​မျှော်လင့်​ခြင်း​သည် မျှော်လင့်​ခြင်း​မ​ဟုတ်။ အကြောင်းမှာ မည်သူ​သည် မြင်​နေ​သော​အရာ​ကို ဆက်၍​မျှော်လင့်​မည်နည်း။ မ​မြင်​သေး​သော​အရာ​ကို ငါ​တို့​မျှော်လင့်​ကြ​လျှင်​မူကား ထို​အရာ​ကို သည်းခံ​သော​စိတ်​နှင့်​စောင့်မျှော်​ကြ​၏။ ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။ စိတ်နှလုံး​တို့​ကို​စူးစမ်း​တော်မူ​သော​အရှင်​သည်​လည်း ဝိညာဉ်​တော်​၏​စိတ်သဘော​ကို သိ​တော်မူ​၏။ အကြောင်းမူကား ဝိညာဉ်​တော်​သည် ဘုရားသခင်​၏​အလို​တော်​နှင့်အညီ သန့်ရှင်း​သူ​များ​အတွက် အသနားခံ​ပေး​တော်မူ​၏။ ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သိ​ထား​နှင့်​တော်မူ​သော​သူ​တို့​ကို မိမိ​သား​တော်​၏​ပုံသဏ္ဌာန်​နှင့်​တူညီ​စေရန် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား သား​တော်​သည် များစွာ​သော​ညီအစ်ကို​တို့​တွင် သားဦး​ဖြစ်​မည့်​အကြောင်း​တည်း။ ထိုသို့​ကြိုတင်​သတ်မှတ်​ထား​တော်မူ​သော​သူ​တို့​ကို ဘုရားသခင်​သည် ခေါ်ယူ​တော်မူ​ပြီး ခေါ်ယူ​တော်မူ​သော​သူ​တို့​ကို ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​၍ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။