YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 8:1-14

ရောမဩဝါဒစာ 8:1-14 MSBU

ထို့ကြောင့် ယခု​အခါ ခရစ်တော်​ယေရှု​၌​ရှိ​သော​သူ​တို့​သည် ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ။ အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။ ဘုရားသခင်​သည် မိမိ​၏​သား​တော်​ကို အပြစ်​နှင့်​ပြည့်ဝ​သည့် သွေးသား​ဇာတိ​နှင့်​တူညီ​သော​သဏ္ဌာန်​၌ အပြစ်​အတွက်​စေလွှတ်​တော်မူ​၍ သွေးသား​ဇာတိ​၌​ရှိ​သော​အပြစ်​ကို ဒဏ်ခတ်​တော်မူ​ပြီး သွေးသား​ဇာတိ​ကြောင့် အားနည်း​၍ ပညတ်​တရား​မ​ဆောင်ရွက်​နိုင်​သော​အမှု​ကို ဆောင်ရွက်​ပေး​တော်မူ​၏။ ဤသည်ကား သွေးသား​ဇာတိ​အလို​အတိုင်း​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော​ငါ​တို့​၌ ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ ပြည့်စုံ​စေရန်​ဖြစ်​၏။ သွေးသား​ဇာတိ​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ ဝိညာဉ်​တော်​အလို​အတိုင်း အသက်ရှင်​သော​သူ​တို့​မူကား ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​များ​ကို စွဲလမ်း​ကြ​၏။ သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် သေ​ခြင်း​ဖြစ်​၏။ ဝိညာဉ်​တော်​နှင့်ဆိုင်သော​စိတ်သဘော​မူကား အသက်ရှင်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​ဖြစ်​၏။ အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​နှင့်ဆိုင်သော​စိတ်သဘော​သည် ဘုရားသခင်​နှင့် ရန်ဘက်​ဖြစ်​၏။ အကြောင်းမူကား ထို​စိတ်သဘော​သည် ဘုရားသခင်​၏​ပညတ်​တရား​ကို နာခံ​ခြင်း​မ​ရှိ။ အမှန်စင်စစ် နာခံ​၍​လည်း​မ​ရ​နိုင်။ ထို့ကြောင့် သွေးသား​ဇာတိ​အားဖြင့်​အသက်ရှင်​သော​သူ​တို့​သည် ဘုရားသခင်​ကို​မ​နှစ်သက်​စေ​နိုင်​ကြ။ သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။ သို့ရာတွင် ခရစ်တော်​သည် သင်​တို့​အထဲ၌​ရှိ​တော်မူ​လျှင် ကိုယ်ခန္ဓာ​သည် အပြစ်​ကြောင့် သေ​နေ​သော်လည်း ဝိညာဉ်​သည် ဖြောင့်မတ်​ခြင်း​ကြောင့် အသက်ရှင်​လျက်​ရှိ​၏။ ထိုမျှမက ယေရှု​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ​ထမြောက်​စေ​တော်မူ​သော​ဘုရားရှင်​သည် သင်​တို့​အထဲ၌​တည်​နေ​သော မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်ခန္ဓာ​ကို​လည်း အသက်ရှင်​စေ​တော်မူ​လိမ့်မည်။ သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​ရန် သွေးသား​ဇာတိ​အပေါ် တာဝန်​ရှိ​သည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် သွေးသား​ဇာတိ​အလို​အတိုင်း​အသက်ရှင်​လျှင် သေ​ကြ​ရ​မည်။ သို့သော် ဝိညာဉ်​တော်​အားဖြင့် ကိုယ်ခန္ဓာ​၏​လုပ်ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အသက်ရှင်​ကြ​လိမ့်မည်။ အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​ရှေ့ဆောင်​လမ်းပြ​မှု​ကို ခံယူ​သမျှ​သော​သူ​တို့​သည် ဘုရားသခင်​၏​သား​များ​ဖြစ်​ကြ​၏။

​ရောမဩဝါဒစာ 8:1-14 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။