YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 1:18-32

ရောမဩဝါဒစာ 1:18-32 MSBU

ဘုရားသခင်​၏​အမျက်​တော်​သည် ကောင်းကင်​မှ​ထင်ရှား​လျက် သမ္မာတရား​ကို မတရားမှု​ဖြင့်​တားဆီး​ပိတ်ပင်​သော​သူ​တို့​၏​ဘုရား​တရား​မဲ့​ခြင်း​နှင့် မတရားမှု​အလုံးစုံ​တို့​အပေါ်သို့ သက်ရောက်​၏။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။ တစ်နည်း​အားဖြင့် ကမ္ဘာ​လောက​ကို​ဖန်ဆင်း​တော်မူ​ချိန်​မှစ၍ ဘုရားသခင်​၏​မ​မြင်ရ​သော​ဂုဏ်​အင်္ဂါ​များ​တည်းဟူသော ကိုယ်တော်​၏​ထာဝရ​တန်ခိုး​တော်​နှင့် ဘုရား​ဖြစ်​တော်မူ​ခြင်း​တို့​သည် ဖန်ဆင်း​တော်မူ​သော​အရာ​များ​အားဖြင့် ရှင်းလင်း​စွာ​သိ​နိုင်​သည်​ဖြစ်၍ သူ​တို့​သည် ဆင်ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​သိ​လျက်​နှင့်​ပင် ဘုရား​အဖြစ်​ဘုန်း​တော်​ကို​မ​ချီးမွမ်း၊ ကျေးဇူး​လည်း​မ​တင်​ကြ​ပေ။ သူ​တို့​၏​တွေးတော​ကြံစည်​မှု​များ​သည် အချည်းနှီး​ဖြစ်​သွား​၍ သူ​တို့​၏​အသိတရား​ကင်းမဲ့​သော​စိတ်နှလုံး​ကို​လည်း အမှောင်​ဖုံးလွှမ်း​လေ​၏။ သူ​တို့​သည် မိမိတို့ကိုယ်ကို​ပညာရှိ​များ​ဖြစ်​သည်​ဟု​ဆို​လျက်​နှင့် မိုက်မဲ​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​ကို ဖောက်ပြန်​ပျက်စီး​တတ်​သော လူ၊ ကျေးငှက်၊ ခြေ​လေး​ချောင်း​သတ္တဝါ​နှင့် တွားသွား​သတ္တဝါ​တို့​၏​သဏ္ဌာန်​နှင့်​တူ​သော ရုပ်တု​ဖြင့် လဲလှယ်​ကြ​၏။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​အချင်းချင်း မိမိ​တို့​ကိုယ်ခန္ဓာ​အသရေ​ကို​ဖျက်ဆီး​စေရန် သူ​တို့​ကို မိမိ​တို့​စိတ်နှလုံး​တပ်မက်​သည့်​အတိုင်း ညစ်ညူး​ခြင်း​လက်​သို့ အပ်လိုက်​လေ​၏။ သူ​တို့​သည် ဘုရားသခင်​၏​သမ္မာတရား​ကို မုသား​နှင့်​လဲလှယ်​၍ ဖန်ဆင်း​တော်မူ​သော​အရှင်​အစား ဖန်ဆင်း​တော်မူ​သော​အရာ​ကို ကိုးကွယ်​ဝတ်ပြု​ကြ​၏။ ဖန်ဆင်း​တော်မူ​သော​အရှင်​သည် ကာလ​အစဉ်အဆက် မင်္ဂလာရှိ​တော်မူ​၏။ အာမင်။ ထို့ကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ရှက်ဖွယ်​ကောင်း​သော​ကိလေသာ​လက်​သို့ အပ်လိုက်​သဖြင့် သူ​တို့​ထဲမှ မိန်းမ​တို့​ပင်လျှင် သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို သဘာဝ​နှင့်​ဆန့်ကျင်​သော​ဆက်ဆံ​မှု​ဖြင့် လဲလှယ်​ကြ​၏။ ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။ ထိုမှတစ်ပါး သူ​တို့​သည် ဘုရားသခင်​ကို​မ​သိ​မ​မှတ်​လို​သောကြောင့် ဘုရားသခင်​သည် သူ​တို့​ကို ယုတ်ညံ့​သော​စိတ်​ထံသို့ အပ်လိုက်​တော်မူ​သဖြင့် သူ​တို့​သည် မ​ပြုအပ်​သော​အရာ​များ​ကို ပြု​ကြ​ကုန်​၏။ သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊ ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။ ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။