YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 21:1-14

ဗျာဒိတ်ကျမ်း 21:1-14 MSBU

ထို့နောက် ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​မြင်​ရ​၏။ အကြောင်းမူကား ပထမ​ကောင်းကင်​နှင့် ပထမ​မြေကြီး​သည် ပျောက်ကွယ်​သွား​၍ ပင်လယ်​သည်​လည်း​မ​ရှိ​တော့​ချေ။ တစ်ဖန် သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​သစ်​သည် သတို့သား​အတွက်​ဆင်မြန်း​ထား​သည့် သတို့သမီး​ကဲ့သို့​ပြင်ဆင်​လျက် ဘုရားသခင်​အထံ​တော်၊ ကောင်းကင်​မှ​ဆင်းသက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို့နောက် ပလ္လင်​တော်​မှ​ကျယ်လောင်​သော​အသံ​က “ကြည့်ရှု​လော့။ ဘုရားသခင်​စံရာ​တဲ​တော်​သည် လူ​တို့​တွင်​ရှိ​၍ ကိုယ်တော်​သည် သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​မည်။ သူ​တို့​သည်​လည်း ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ကြ​ပြီး ဘုရားသခင်​ကိုယ်တော်​တိုင် သူ​တို့​နှင့်အတူ​ရှိ​၍ သူ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​မည်။ ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။ ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​က​လည်း “ကြည့်ရှု​လော့။ ငါ​သည် အရာ​ခပ်သိမ်း​တို့​ကို အသစ်​ဖြစ်​စေ​၏”​ဟု မိန့်​တော်မူ​ပြီးလျှင် “ရေး​ထား​လော့။ ဤ​စကား​တို့​သည် သစ္စာ​စကား၊ မှန်ကန်​သော​စကား​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။ အောင်မြင်​သော​သူ​သည် ဤ​အရာ​တို့​ကို အမွေ​ဆက်ခံ​ရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်မည်။ သို့သော် ကြောက်​တတ်​သူ​များ၊ မ​ယုံကြည်​သူ​များ၊ ရွံရှာ​ဖွယ်​ကောင်း​သူ​များ၊ လူသတ်သူ​များ၊ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ပြုစား​သော​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ​နှင့် လိမ်လည်​သော​သူ​အပေါင်း​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲ၌ မိမိ​တို့​အဖို့​ကို​ရ​ကြ​လိမ့်မည်။ ဤသည်ကား ဒုတိယ​သေ​ခြင်း​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် နောက်ဆုံး​သော​ဘေးဒဏ်​ခုနစ်​ပါး​နှင့် ပြည့်​နေ​သော​ဖလား​ခုနစ်​လုံး​ကို ကိုင်ဆောင်​သည့်​ကောင်းကင်​တမန်​ခုနစ်​ပါး​ထဲမှ တစ်​ပါး​သည်​လာ​၍ ငါ​နှင့်​စကား​ပြော​လျက် “လာ​ပါ။ သိုးသငယ်​တော်​၏​ဇနီးသည်​ဖြစ်​သော သတို့သမီး​ကို သင့်​အား​ငါ​ပြ​မည်”​ဟု ဆို​၏။ ထို​ကောင်းကင်​တမန်​သည် ကြီးမား​၍​မြင့်​လှ​သော​တောင်​ပေါ်သို့ ဝိညာဉ်​တော်​အားဖြင့် ငါ့​ကို​ခေါ်ဆောင်​သွား​ကာ ဘုရားသခင်​အထံ​တော်၊ ကောင်းကင်​ထက်​မှ​ဆင်းသက်လာ​သည့် သန့်ရှင်း​သော​ဂျေရုဆလင်​မြို့​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြို့​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်​ပြည့်စုံ​၍ ၎င်း​၏​အလင်းရောင်​သည် ကျောက်မျက်​ရတနာ​နှင့်​တူ​ပြီး ကျောက်​သလင်း​သဖွယ်​ကြည်လင်​သော နဂါးသွဲ့​ကျောက်​ကဲ့သို့​ဖြစ်​၏။ ထို​မြို့​တွင် ကြီးမား​၍​မြင့်​လှ​သော​မြို့ရိုး​ရှိ​လျက် တံခါး​တစ်ဆယ့်နှစ်​ပေါက်​ရှိ​၏။ တံခါး​များ​တွင် ကောင်းကင်​တမန်​တစ်ဆယ့်နှစ်​ပါး​ရှိ​၍ ထို​တံခါး​များ​ပေါ်၌ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​တစ်ဆယ့်နှစ်​နွယ်​တို့​၏​အမည်​နာမ​များ​ကို ရေးထိုး​ထား​၏။ အရှေ့​ဘက်​တွင် တံခါး​သုံး​ပေါက်၊ မြောက်​ဘက်​တွင် တံခါး​သုံး​ပေါက်၊ တောင်​ဘက်​တွင် တံခါး​သုံး​ပေါက်၊ အနောက်​ဘက်​တွင် တံခါး​သုံး​ပေါက်​ရှိ​၏။ မြို့ရိုး​တွင် အုတ်မြစ်​တစ်ဆယ့်နှစ်​ခု​ရှိ​၍ ၎င်း​တို့​ပေါ်၌ သိုးသငယ်​တော်​၏​တမန်တော်​တစ်ဆယ့်နှစ်​ပါး​တို့​၏​အမည်​တစ်ဆယ့်နှစ်​ခု​ကို​ရေး​ထား​၏။