YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 11:7-19

ဗျာဒိတ်ကျမ်း 11:7-19 MSBU

သူ​တို့​သက်သေခံ​ပြီး​သောအခါ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ တက်​လာ​သော​သားရဲ​သည် သူ​တို့​နှင့်​စစ်တိုက်​၍ အောင်မြင်​ပြီး သူ​တို့​ကို​သတ်ဖြတ်​လိမ့်မည်။ သူ​တို့​၏​အလောင်း​များ​သည် ဝိညာဉ်​သဘော​အရ သောဒုံ​နှင့်​အီဂျစ်​ဟု​ခေါ်​သော မြို့​ကြီး​၏​လမ်းမ​ပေါ်တွင် ရှိ​ကြ​လိမ့်မည်။ သူ​တို့​၏​သခင်​သည်​လည်း ထို​မြို့​တွင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံ​ခဲ့​ရ​၏။ ထိုအခါ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာ​စကား​နှင့် တိုင်းနိုင်ငံ​အသီးသီး​တို့​မှ လူ​တို့​သည် သူ​တို့​၏​အလောင်း​များ​ကို သုံး​ရက်​ခွဲ​တိုင်တိုင်​ကြည့်ရှု​ကြ​ပြီး ထို​အလောင်း​များ​ကို သင်္ချိုင်း​ဂူ​၌ သင်္ဂြိုဟ်​ခွင့်​မ​ပေး​ဘဲ​နေ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​သည် ထို​သူ​တို့​၏​အဖြစ်​ကြောင့် ဝမ်းမြောက်​လျက်​ပျော်ရွှင်​ကြ​ကာ တစ်ဦး​ကို​တစ်ဦး လက်ဆောင်​များ​ပေးပို့​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​ပရောဖက်​နှစ်​ဦး​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ကို ညှဉ်းဆဲ​ခဲ့​ကြ​၏။ သို့သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သောအခါ ဘုရားသခင်​ထံ​တော်​မှ​ဇီဝ​အသက်​သည် ထို​သူ​တို့​အထဲသို့​ဝင်​၍ သူ​တို့​သည် မိမိ​တို့​ခြေ​ဖြင့်​မတ်တပ်ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​၏။ ထိုအခါ ကောင်းကင်​မှ​ကြီး​သော​အသံ​က “ဤ​အရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုးတိမ်​ဖြင့် ကောင်းကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။ ထို​အချိန်​နာရီ​၌​ပင် ပြင်းထန်​သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံတစ်ပုံ​သည် ပြိုလဲ​သွား​၏။ ထို​ငလျင်​ကြောင့် လူ​ပေါင်း​ခုနစ်​ထောင်​သေ​ကြ​၏။ ကြွင်းကျန်​သော​သူ​တို့​သည် ကြောက်လန့်​ကြ​လျက် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​၏။ ဒုတိယ​အမင်္ဂလာ​သည် လွန်​သွား​လေ​ပြီ။ တတိယ​အမင်္ဂလာ​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်။ သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။ ထိုအခါ ဘုရားသခင်​၏​ရှေ့​တော်​၌ မိမိ​တို့​ပလ္လင်​ပေါ်တွင် ထိုင်​နေ​ကြ​သော​သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ဘုရားသခင်​ကို​ပျပ်ဝပ်​ရှိခိုး​လျက် “အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​၍ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​သည် မဟာ​တန်ခိုး​တော်​ကို​ယူဆောင်​လျက် စိုးစံ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ကျေးဇူးတင်​ပါ​၏။ လူမျိုး​တို့​သည် အမျက်ထွက်​ကြ​ပါ​၏။ သို့သော် ကိုယ်တော်​၏​အမျက်​တော်​သည် သက်ရောက်​လာ​ပါ​၏။ သေလွန်​သော​သူ​တို့​ကို တရား​စီရင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​အစေအပါး​များ၊ ပရောဖက်​များ၊ သန့်ရှင်း​သူ​များ​နှင့် ကိုယ်တော်​၏​နာမ​တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​အကြီး​အငယ်​တို့​အား ဆုလာဘ်​ပေး​တော်မူ​ရန်​လည်းကောင်း၊ ကမ္ဘာ​မြေကြီး​ကို​ဖျက်ဆီး​သော​သူ​တို့​ကို ဖျက်ဆီး​ရန်​လည်းကောင်း အချိန်​ရောက်လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။ ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။