YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 1:1-8

ဗျာဒိတ်ကျမ်း 1:1-8 MSBU

ဤသည်ကား ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာဒိတ်​တော်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​၏​အစေအပါး​တို့​အား​ပြသ​ရန် ခရစ်တော်​၌ ဘုရားသခင်​ပေးအပ်​တော်မူ​သော​အရာ​ဖြစ်​၏။ ခရစ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​၍ မိမိ​အစေအပါး​ယောဟန်​အား ဤ​ဗျာဒိတ်​တော်​အရိပ်အယောင်​ကို ဖော်ပြ​တော်မူ​၏။ ယောဟန်​သည်​လည်း သူ​တွေ့မြင်​သမျှ​သော ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​ခရစ်တော်​နှင့်​ဆိုင်သည့် သက်သေခံ​ချက်​တို့​ကို သက်သေခံ​လေ​၏။ အချိန်​နီးကပ်​ပြီ​ဖြစ်၍ ဤ​ပရောဖက်ပြု​ဟောပြော​သော​စကား​ကို ဖတ်ကြား​သော​သူ​နှင့် ဤ​စကား​ကို​ကြားနာ​၍ ၎င်း​တွင်​ရေး​ထား​သော​အရာ​များ​ကို လိုက်နာ​စောင့်ထိန်း​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင်​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊ သစ္စာ​ရှိ​သော​သက်သေ၊ သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ၊ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​ကို​အုပ်ချုပ်​သူ ဖြစ်တော်မူ​သော ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေ​သော။ ငါ​တို့​ကို​ချစ်​တော်မူ​၍ မိမိ​၏​သွေး​တော်​အားဖြင့် ငါ​တို့​အပြစ်​များ​မှ ငါ​တို့​ကို​ဖြေလွှတ်​ကာ ငါ​တို့​အား နိုင်ငံ​တော်​ဖြစ်​စေ​လျက် မိမိ​ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သော​အရှင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။ ကြည့်ရှု​လော့။ ကိုယ်တော်​သည် မိုးတိမ်​များ​ဖြင့်​ကြွလာ​တော်မူ​၏။ ထိုအခါ ကိုယ်တော်​ကို​ထိုးဖောက်​ခဲ့​သူ​တို့​မှစ၍ လူ​အပေါင်း​တို့​သည် မိမိ​တို့​မျက်စိ​ဖြင့် ကိုယ်တော်​ကို​တွေ့မြင်​ရ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​ပေါ်​ရှိ လူမျိုး​နွယ်စု​အားလုံး​သည် ကိုယ်တော်​ကြောင့် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​ကြ​လိမ့်မည်။ မှန်​ပေ​၏။ အာမင်။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။