YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 50:1-23

ဆာလံကျမ်း 50:1-23 MSBU

ဘုန်းတန်ခိုးရှင်​ဘုရားသခင် ထာဝရဘုရား​သည် အမိန့်​တော်​ရှိ​၍ နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင် ကမ္ဘာမြေ​ကို​ဆင့်ခေါ်​တော်မူ​၏​။ ဘုရားသခင်​သည် လှပ​ခြင်း​နှင့်​ပြည့်စုံ​သော ဇိအုန်​ပေါ်မှ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​၏​။ ငါ​တို့​၏​ဘုရားသခင်​သည် ကြွလာ​တော်မူ​မည်​။ ကိုယ်တော်​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​မည်​မ​ဟုတ်​။ ကိုယ်တော်​၏​ရှေ့​တော်​၌ ဝါးမျို​တတ်​သော​မီး​ရှိ​၍ ကိုယ်တော်​၏​ပတ်လည်​၌ ပြင်းထန်​သော​မုန်တိုင်း​ရှိ​၏​။ ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​ကို စစ်ကြောစီရင်​ရန် အထက်​ကောင်းကင်​နှင့် ကမ္ဘာမြေကြီး​ကို​ဆင့်ခေါ်​လျက် “​ယဇ်ပူဇော်​ခြင်း​အားဖြင့် ငါ​နှင့်​ပဋိညာဉ်​ဖွဲ့​ကြ​သည့် ငါ​၏​သန့်ရှင်း​သူ​တို့​ကို ငါ့​ထံသို့​စုဝေး​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ကောင်းကင်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​ပြောကြား​၏​။ အကြောင်းမူကား ဘုရားသခင်​ကိုယ်တော်တိုင်​သည် တရားစီရင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ (​စေလာ ) “​အို ငါ့​လူမျိုး​တော်​၊ နားထောင်​လော့​။ ငါ​မိန့်ဆို​မည်​။ အို အစ္စရေး​လူမျိုး​၊ ငါ​သည် သင့်​တစ်ဖက်​၌​သက်သေခံ​မည်​။ ငါ​သည် ဘုရားသခင်​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ဖြစ်​၏​။ ငါ​သည် သင်​၏​ပူဇော်သက္ကာ​များ​အတွက် သင့်​ကို​ဆုံးမ​သည်​မ​ဟုတ်​။ သင်​၏​မီးရှို့ရာယဇ်​တို့​သည်​လည်း ငါ့​ရှေ့​၌​အစဉ်မပြတ်​ရှိ​ကြ​၏​။ သင့်​အိမ်​က​နွားထီး​ကို​လည်းကောင်း​၊ သင့်​ခြံ​ထဲက​ဆိတ်ထီး​တို့​ကို​လည်းကောင်း ငါ​မ​ယူ​။ အကြောင်းမူကား တော​ထဲရှိ​တိရစ္ဆာန်​ရှိသမျှ​နှင့် ထောင်​နှင့်​ချီ​သော​တောင်ကုန်း​များ​ပေါ်ရှိ တိရစ္ဆာန်​တို့​ကို ငါ​ပိုင်​၏​။ တောင်​များ​ပေါ်ရှိ​ကျေးငှက်​အားလုံး​ကို​ငါ​သိ​၏​။ တော​သတ္တဝါ​များ​ကို​လည်း​ငါ​ပိုင်​၏​။ ငါ​ဆာလောင်မွတ်သိပ်​ခဲ့​လျှင်ပင် သင့်​ကို ငါ​ပြော​မည်​မ​ဟုတ်​။ အကြောင်းမူကား ကမ္ဘာလောက​မှစ၍ ၎င်း​တွင်​ရှိသမျှ​သော​အရာ​တို့​ကို ငါ​ပိုင်​၏​။ နွားလား​တို့​၏​အသား​ကို ငါ​စား​မည်လော​။ ဆိတ်ထီး​တို့​၏​သွေး​ကို ငါ​သောက်​မည်လော​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။ ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​” သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။ အကြောင်းမူကား သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၏​။ ငါ​၏​စကား​တို့​ကို သင့်​နောက်၌​သာ ပစ်ထား​၏​။ သင်​သည် သူခိုး​နှင့်​တွေ့​သောအခါ သူ့​ကို​လက်ခံ​၏​။ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​တို့​နှင့်​လည်း ပေါင်းသင်း​ဆက်ဆံ​၏​။ သင်​၏​နှုတ်​ကို မကောင်းမှု​အတွက်​အသုံးပြု​ပြီး သင်​၏​လျှာ​ကို လိမ်လည်လှည့်ဖြားမှု​၌ မှီဝဲဆည်းကပ်​စေ​၏​။ သင်​သည်​ထိုင်​၍ သင့်​ညီအစ်ကို​ကို​ဆန့်ကျင်​ပြောဆို​လျက် သင့်​မိခင်​၏​သား​ကို​ဆဲဆို​တတ်​၏​။ ဤ​အမှု​တို့​ကို​သင်​ပြု​၍ ငါ​သည် တိတ်ဆိတ်​စွာ​နေ​သဖြင့် ငါ​သည် သင်​နှင့်​တူ​သည်​ဟု သင်​ထင်မှတ်​၏​။ ငါ​သည် သင့်​ကို​ဆုံးမ​၍ သင်​၏​အပြစ်​ကို သင့်​ရှေ့မှောက်​၌​ခင်းပြ​မည်​။ ဘုရားသခင်​ကို​မေ့လျော့​တတ်​သော​သူ​တို့​၊ ဤ​အချက်​ကို သတိ​နှင့်​ဆင်ခြင်​ကြ​လော့​။ သို့မဟုတ်​ပါက ငါ​သည် သင်​တို့​ကို အပိုင်းပိုင်း​ဆုတ်ဖြဲ​သဖြင့် ကယ်နုတ်​သူ​မ​ရှိ​ဖြစ်​လိမ့်မည်​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။