YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:137-160

ဆာလံကျမ်း 119:137-160 MSBU

အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို ဖြောင့်မတ်​ခြင်း​နှင့်​လည်းကောင်း​၊ ကြီးမား​သော​သစ္စာ​နှင့်​လည်းကောင်း ချမှတ်​ထား​တော်မူ​၏​။ အကျွန်ုပ်​၏​ရန်သူ​တို့​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မေ့လျော့​ကြ​သောကြောင့် အကျွန်ုပ်​၏​စိတ်အားထက်သန်​ခြင်း​သည် အကျွန်ုပ်​ကို​ဖိစီးလွှမ်းမိုး​လျက်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အလွန်​ခိုင်လုံ​မှန်ကန်​သည်​ဖြစ်၍ ကိုယ်တော်​၏​အစေအပါး​သည် ၎င်း​ကို​မြတ်နိုး​ပါ​၏​။ အကျွန်ုပ်​သည် ငယ်ရွယ်​သော​သူ​ဖြစ်​ပါ​၏​။ မထီမဲ့မြင်ပြု​ခြင်း​ကို​လည်း​ခံရ​ပါ​၏​။ သို့သော် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။ ဘေးရန်​နှင့်​ကျပ်တည်းမှု​တို့​သည် အကျွန်ုပ်​အပေါ်​သို့​ကျရောက်​ကြ​သော်လည်း ကိုယ်တော်​၏​ပညတ်တော်​တို့​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​ကြ​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အစဉ်အမြဲ​ဖြောင့်မတ်​ကြ​ပါ​၏​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို စိတ်နှလုံး​အကြွင်းမဲ့​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို ထူး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို လိုက်နာကျင့်သုံး​ပါ​မည်​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို​ခေါ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​စောင့်ထိန်း​ပါ​မည်​။ အကျွန်ုပ်​သည် မိုး​မ​လင်း​မီ​ထ​၍ အကူအညီ​အော်ဟစ်​တောင်းခံ​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို အကျွန်ုပ်​မျှော်လင့်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကတိ​တော်​ကို ဆင်ခြင်အောက်မေ့​ရန် ညဥ့်ယံ​တို့​၌ နိုး​လျက်​နေ​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​၏​အသံ​ကို နားထောင်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးညစ်​သော​အမှု​၌​ကျင်လည်​သော​သူ​တို့​သည် ချဉ်းကပ်​လာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​၏​တရားတော်​နှင့် ဝေးကွာ​ကြ​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် နီး​တော်မူ​၏​။ ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​သည်​လည်း မှန်ကန်​ပါ​၏​။ ကိုယ်တော်​သည် မိမိ​၏​သက်သေခံချက်​တို့​ကို အစဉ်အမြဲ​တည်​စေ​တော်မူ​ကြောင်း ထို​သက်သေခံချက်​တို့​အားဖြင့် ရှေးယခင်​ကပင် အကျွန်ုပ်​သိ​ခဲ့​ပါ​၏​။ အကျွန်ုပ်​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​၍ အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​၏​တရားတော်​ကို အကျွန်ုပ်​မ​မေ့လျော့​ပါ​။ အကျွန်ုပ်​၏​အမှုကိစ္စ​ကို ရင်ဆိုင်ဖြေရှင်း​ပေး​၍ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ဆိုးယုတ်​သော​သူ​တို့​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို မ​ရှာမှီး​ကြ​သောကြောင့် ကယ်တင်​ခြင်း​သည် သူ​တို့​နှင့်​ဝေး​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သဘော​သည် ကြီးမား​လှ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ အကျွန်ုပ်​ကို လိုက်လံညှဉ်းဆဲ​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​ရန်သူ​တို့​သည် များပြား​လှ​ပါ​၏​။ သို့သော် အကျွန်ုပ်​သည် ကိုယ်တော်​၏​သက်သေခံ​တော်မူ​ချက်​တို့​မှ သွေဖည်​မ​သွား​ပါ​။ အကျွန်ုပ်​သည် သစ္စာမဲ့​သော​သူ​တို့​ကို​မြင်​သောအခါ စက်ဆုပ်​ပါ​၏​။ အကြောင်းမူကား သူ​တို့​သည် ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ဥပဒေသ​တို့​ကို မည်မျှ​မြတ်နိုး​ကြောင်း ကြည့်ရှု​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​ရှိသမျှ​တို့​သည် မှန်ကန်​ပါ​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်ထုံးဖွဲ့ချက် ရှိသမျှ​တို့​သည်​လည်း အစဉ်အမြဲ​တည်​ပါ​၏​။