YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 119:113-136

ဆာလံကျမ်း 119:113-136 MSBU

အကျွန်ုပ်​သည် စိတ်​နှစ်ခွ​ရှိ​သော​သူ​တို့​ကို မုန်း​ပါ​၏​။ သို့သော် ကိုယ်တော်​၏​တရားတော်​ကို မြတ်နိုး​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ကွယ်ကာ​ရာ​၊ အကျွန်ုပ်​၏​ဒိုင်းလွှား ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို မျှော်လင့်ကိုးစား​ပါ​၏​။ ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၊ ငါ့​ထံမှ​ဖယ်ခွာ​ကြ​လော့​။ ငါ​သည် ငါ့​ဘုရားသခင်​၏​ပညတ်တော်​တို့​ကို လိုက်နာကျင့်သုံး​မည်​။ အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​ထောက်မ​တော်မူ​ပါ​။ အကျွန်ုပ်​၏​မျှော်လင့်ချက်​အတွက် အရှက်​မ​ကွဲ​ရ​ပါစေ​နှင့်​။ အကျွန်ုပ်​ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အစဉ်မပြတ် အရေးတယူ​ပြု​ပါ​မည်​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ လမ်းလွဲ​သော​သူ​အပေါင်း​တို့​ကို ကိုယ်တော်​ပယ်​တော်မူ​၏​။ အကြောင်းမူကား သူ​တို့​၏​လှည့်စားမှု​သည် အချည်းနှီး​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ပေါ်​ရှိ ဆိုးယုတ်​သော​သူ​ရှိသမျှ​တို့​ကို ချော်​ကဲ့သို့ ဖယ်ရှား​တော်မူ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​၍ အကျွန်ုပ်​အသား​သည် တဆတ်ဆတ်တုန်​နေ​ပါ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​ကို​လည်း အကျွန်ုပ်​ကြောက်ရွံ့​ပါ​၏​။ အကျွန်ုပ်​သည် တရားမျှတ​သော​အမှု​၊ ဖြောင့်မတ်​သော​အမှု​တို့​ကို ပြု​ပါ​ပြီ​။ အကျွန်ုပ်​ကို​နှိပ်စက်​သော​သူ​တို့​ထံ၌ အကျွန်ုပ်​ကို​ထားခဲ့​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော့်​အစေအပါး​၏​ကောင်းကျိုးချမ်းသာ​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​မ​နှိပ်စက်​ကြ​ပါစေ​နှင့်​။ အကျွန်ုပ်​၏​မျက်စိ​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​သော​မိန့်​တော်မူ​ချက်​ကို တောင့်တ​လျက် အားအင်ကုန်ခန်း​ပါ​၏​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ ကိုယ်တော်​၏​အစေအပါး​အပေါ် ပြု​တော်မူ​ပါ​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို​လည်း အကျွန်ုပ်​အား သင်ကြား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို နားလည်​နိုင်​ရန် အကျွန်ုပ်​အား အသိဉာဏ်​ပေး​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​ကြ​သည်​ဖြစ်၍ ကိုယ်တော် စီရင်​တော်မူ​ချိန်​ရောက်​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို ရွှေ​ထက်မက ရွှေစင်​ထက် ပို၍​မြတ်နိုး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​၏​ဥပဒေသ​အားလုံး​တို့​သည် အကုန်အစင်​ဖြောင့်မှန်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​လျက် မှားယွင်း​သော​လမ်း​ရှိသမျှ​တို့​ကို မုန်း​ပါ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အံ့ဩဖွယ်​ဖြစ်​ကြ​ပါ​၏​။ ထို့ကြောင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ၎င်း​တို့​ကို လိုက်နာကျင့်သုံး​ပါ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို​ဖွင့်ပြ​ခြင်း​သည် အလင်း​ကို​ပေး​၍ အသိဉာဏ်​နည်းပါး​သော​သူ​တို့​အား အသိဉာဏ်​ကို​ပေး​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို တောင့်တ​အားကြီး​သဖြင့် ပါးစပ်​ဟ​လျက် မောဟိုက်​နေ​ပါ​၏​။ ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​နှင့်အညီ အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို မြဲမြံ​စေ​တော်မူ​ပါ​။ မည်သည့်​အပြစ်ဒုစရိုက်​မျှ အကျွန်ုပ်​ကို​မ​စိုးမိုး​ပါစေ​နှင့်​။ ကိုယ်တော်​၏​ဥပဒေသ​တို့​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​ကို လူ​တို့​၏​ဖိနှိပ်ချုပ်ချယ်မှု​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​ပါ​။ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ကိုယ်တော်​၏​အစေအပါး​အပေါ်​ထွန်းလင်း​စေ​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​အား​သင်ကြား​ပေး​တော်မူ​ပါ​။ လူ​တို့​သည် ကိုယ်တော်​၏​တရားတော်​ကို မ​စောင့်ထိန်း​ကြ​သောကြောင့် အကျွန်ုပ်​၏​မျက်စိ​တို့​မှ မျက်ရည်​ချောင်း​များ​စီးဆင်း​ပါ​၏​။