YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 103:6-18

ဆာလံကျမ်း 103:6-18 MSBU

ထာဝရဘုရား​သည် နှိပ်စက်​ခြင်း​ခံရ​သူ အပေါင်း​တို့​အတွက် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို စီရင်​ပေး​တော်မူ​၏​။ မိမိ​၏​လမ်း​တော်​များ​ကို မောရှေ​အား​လည်းကောင်း​၊ မိမိ​ပြု​တော်မူ​သော​အမှု​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား​လည်းကောင်း သိ​စေ​တော်မူ​၏​။ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​သဘော​၊ ကျေးဇူးပြု​တတ်​သော​သဘော​၊ စိတ်ရှည်​သော​သဘော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​သဘော​ရှိ​တော်မူ​၏​။ အစဉ် အပြစ်တင်​တော်မူ​မည်​မ​ဟုတ်​။ အမျက်​တော်​ကို ထာဝရ​သို​ထား​တော်မူ​မည်​မ​ဟုတ်​။ ငါ​တို့​၏​အပြစ်​နှင့်အညီ ငါ​တို့​အား ပြု​တော်​မ​မူ​။ ငါ​တို့​၏​ဒုစရိုက်​နှင့်အညီ ငါ​တို့​အား တုံ့ပြန်​တော်​မ​မူ​။ အကြောင်းမူကား မြေကြီး​အပေါ်​၌ ကောင်းကင်​သည် မြင့်မား​လှ​သည့်​အတိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပေ​၏​။ အရှေ့​အရပ်​သည် အနောက်​အရပ်​နှင့်​ဝေးကွာ​သည့်​အတိုင်း ကိုယ်တော်​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ငါ​တို့​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။ ဖခင်​သည် မိမိ​၏​သားသမီး​များ​ကို သနားစုံမက်​သကဲ့သို့ ထာဝရဘုရား​သည် မိမိ​အား​ကြောက်ရွံ့​သော​သူ​တို့​ကို သနားစုံမက်​တော်မူ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ခန္ဓာကိုယ်​ဖွဲ့စည်း​ပုံ​ကို​သိ​တော်မူ​၏​။ ငါ​တို့​သည် မြေမှုန့်​ဖြစ်ကြောင်း​ကို သတိရ​တော်မူ​၏​။ လူ​၏​အသက်တာ​နေ့ရက်​တို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၏​။ သူ​သည် ကွင်းပြင်​ရှိ​ပန်းပွင့်​ကဲ့သို့ ရှင်သန်​တတ်​၏​။ လေ​တိုက်ခတ်​သောအခါ ထို​ပန်းပွင့်​သည် ပျောက်ကွယ်​သွား​၍ သူ့​နေရာ​ပင်လျှင် သူ့​ကို​မ​သိ​တော့​ပေ​။ သို့ရာတွင် ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်​တည်​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း သူ​တို့​၏​သားမြေးစဉ်ဆက်​အပေါ်​၌​လည်းကောင်း​၊ ပဋိညာဉ်​တော်​ကို​စောင့်ထိန်း​၍ ဥပဒေသ​တို့​ကို လိုက်နာ​ရန် သတိရ​သော​သူ​တို့​အပေါ်​၌​လည်းကောင်း တည်​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။