YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 102:12-28

ဆာလံကျမ်း 102:12-28 MSBU

သို့သော် အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​၏​။ ကိုယ်တော်​၏​ဂုဏ်​သတင်း​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။ ကိုယ်တော်​သည် ထ​၍ ဇိအုန်​ကို သနားစုံမက်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား ဇိအုန်​ကို​သနား​ရ​မည့်​အချိန်​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အချိန်​သည်​လည်း ရောက်လာ​ပြီ​ဖြစ်​၏​။ အကယ်စင်စစ် ကိုယ်တော်​၏​အစေအပါး​တို့​သည် ဇိအုန်​၏​ကျောက်တုံး​များ​ကို နှစ်သက်​၍ ၎င်း​၏​မြေမှုန့်​ကို​ပင် စုံမက်​ကြ​ပါ​၏​။ လူမျိုးတကာ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို​လည်းကောင်း​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို​လည်းကောင်း ကြောက်ရွံ့​ကြ​ပါ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို ပြန်လည်​တည်ဆောက်​၍ မိမိ​၏​ဘုန်းအသရေ​တော်​နှင့်တကွ ထင်ရှား​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။ ဖန်ဆင်း​ခြင်း​ခံရ​မည့်​လူ​တို့​သည် ထာဝရဘုရား​ကို ချီးမွမ်း​ကြ​မည့်​အကြောင်း ဤ​အရာ​ကို နောင်လာမည့်​မျိုးဆက်​အတွက် ရေးမှတ်​ထား​ကြ​ပါစေ​။ ထာဝရဘုရား​သည် မိမိ​၏​သန့်ရှင်း​သည့် မြင့်သောအရပ်​မှ ငုံ့ကြည့်​တော်မူ​၏​။ ကမ္ဘာမြေကြီး​ကို ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​တော်မူ​၏​။ ဤသည်ကား အချုပ်အနှောင်​ခံရ​သော​သူ​တို့​၏ ညည်းတွားသံ​ကို နားထောင်​ရန်​နှင့် သေဘေး​ရင်ဆိုင်​နေ​ရ​သော​သူ​တို့​ကို လွတ်ငြိမ်း​ခွင့်​ပေး​ရန်​အတွက် ဖြစ်​ပြီး တိုင်းနိုင်ငံ​တို့​နှင့်​လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ကို​ဝတ်ပြု​ရန် အတူတကွ​စုဝေး​ကြ​သောအခါ ထာဝရဘုရား​၏​နာမ​တော်​ကို ဇိအုန်​တောင်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ဂျေရုဆလင်​မြို့​၌​လည်းကောင်း ပြောကြား​ကြ​ရန်​အတွက်​ဖြစ်​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​ကို ဘဝ​လမ်းခရီး​ထဲ၌​ပင် လျော့နည်း​စေ​ပြီး အကျွန်ုပ်​၏​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏​။ ငါ​က​လည်း “​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​အသက်တာ​၏​ခရီး​တစ်ဝက်​တွင် အကျွန်ုပ်​ကို​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည် မျိုးဆက်​အစဉ်အဆက်​တည်​ပါ​၏​။ ကိုယ်တော်​သည် ရှေးကာလ​၌ မြေကြီး​ကို​တည်​တော်မူ​၏​။ ကောင်းကင်​သည်​လည်း ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ ဖြစ်​ပါ​၏​။ ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏​။ ထို​အရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို အဝတ်​လဲ​သကဲ့သို့ လဲ​တော်မူ​သဖြင့် ၎င်း​တို့​သည် ပြောင်းလဲ​ကြ​လိမ့်မည်​။ ကိုယ်တော်​မူကား ပြောင်းလဲ​တော်​မ​မူ​ပါ​။ ကိုယ်တော်​၏​နှစ်ကာလ​တို့​သည်​လည်း ကုန်ဆုံး​မည်​မ​ဟုတ်​ပါ​။ ကိုယ်တော့်​အစေအပါး​များ​၏​သားသမီး​တို့​သည် ဆက်လက်​တည်​၍ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မြဲမြံ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်ထား​၏​။