YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 14:19-35

သုတ္တံကျမ်း 14:19-35 MSBU

မကောင်းမှု​ပြု​သော​သူ​တို့​သည် သူတော်ကောင်း​တို့​၏​ရှေ့​၌​လည်းကောင်း​၊ ဆိုးယုတ်​သော​သူ​တို့​သည် ဖြောင့်မတ်​သော​သူ​၏ တံခါးဝ​၌​လည်းကောင်း ဦးညွှတ်​ကြ​ရ​၏​။ ဆင်းရဲ​သော​သူ​သည် မိမိ​အိမ်နီးချင်း​၏​မုန်းတီး​ခြင်း​ကို​ပင်​ခံရ​၏​။ ချမ်းသာ​သော​သူ​မူကား ချစ်ခင်​သူ​များ​၏​။ မိမိ​၏​အိမ်နီးချင်း​ကို မထီမဲ့မြင်ပြု​သော​သူ​သည် အပြစ်ပြု​သော​သူ​ဖြစ်​၏​။ ဆင်းရဲချို့တဲ့​သော​သူ​တို့​ကို သနား​သော​သူ​မူကား မင်္ဂလာ​ရှိ​၏​။ မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​သည် လမ်းလွဲ​သွား​ကြ​သည်​မ​ဟုတ်​လော​။ ကောင်း​သော​အမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​မူကား မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို တွေ့ရှိ​ကြ​လိမ့်မည်​။ ခက်ခဲပင်ပန်း​သော​အလုပ်​ရှိသမျှ​တို့​၌ အကျိုးအမြတ်​ရှိ​၏​။ အပြော​သက်သက်​မူကား ချို့တဲ့​နွမ်းပါး​ခြင်း​ကို​သာ​ဖြစ်​စေ​၏​။ ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။ မှန်ကန်​သော​သက်သေ​သည် အသက်​ကို​ကယ်နုတ်​တတ်​၏​။ လိမ်လည်​ထွက်ဆို​သော​သူ​မူကား လိမ်လည်လှည့်ဖြား​တတ်​၏​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​၌ တန်ခိုးကြီး​သော​ကိုးစား​ရာ​ရှိ​၍ ၎င်း​သည် သူ​၏​သားသမီး​တို့​အတွက် ခိုလှုံ​ရာ​ဖြစ်​လိမ့်မည်​။ ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် အသက်​စမ်းရေတွင်း​ဖြစ်​၍ သေ​ခြင်း​၏​ထောင်ချောက်​များ​မှ ဖယ်ခွာ​စေ​တတ်​၏​။ ပြည်သူပြည်သား​များပြားခြင်း​သည် ရှင်ဘုရင်​အတွက် အသရေ​ဖြစ်​၏​။ တိုင်းသူပြည်သား​မ​ရှိ​ခြင်း​မူကား အုပ်ချုပ်သူ​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ စိတ်ရှည်​သော​သူ​၌ ကြီးမား​သော​ထိုးထွင်းဉာဏ်​ရှိ​၏​။ စိတ်တို​သော​သူ​မူကား မိုက်မဲမှု​ကို​ချီးမြှောက်​တတ်​၏​။ တည်ငြိမ်​သော​စိတ်နှလုံး​သည် ကိုယ်ခန္ဓာ​၏​အသက်​ဖြစ်​၏​။ မနာလိုဝန်တို​ခြင်း​မူကား အရိုး​တို့​ကို​ဆွေးမြည့်​စေ​တတ်​၏​။ ဆင်းရဲ​သော​သူ​ကို နှိပ်စက်​သော​သူ​သည် သူ​၏​ဖန်ဆင်းရှင်​ကို စော်ကား​သော​သူ​ဖြစ်​၏​။ နွမ်းပါး​သော​သူ​ကို သနား​သော​သူ​မူကား ကိုယ်တော်​ကို ရိုသေလေးမြတ်​သော​သူ​ဖြစ်​၏​။ ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။ ဉာဏ်ပညာ​သည် အသိဉာဏ်​ရှိ​သော​သူ​၏ စိတ်နှလုံး​ထဲ၌ ကိန်းဝပ်​၍ မိုက်မဲ​သော​သူ​တို့​၏​အလယ်​၌​ပင် ကိုယ့်ကိုယ်ကိုယ်​ဖော်ပြ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​သည် တိုင်းပြည်​ကို​ချီးမြှောက်​တတ်​၏​။ အပြစ်​မူကား တိုင်းသူပြည်သား​တို့​ကို အရှက်ကွဲ​စေ​တတ်​၏​။ ပညာသတိ​ရှိ​သော​အစေအပါး​ကို ရှင်ဘုရင်​နှစ်သက်​တတ်​၏​။ အရှက်ကွဲ​စေ​သော​သူ​အပေါ်​၌​မူကား အမျက်​တော်​သက်ရောက်​တတ်​၏​။