YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 11:16-31

သုတ္တံကျမ်း 11:16-31 MSBU

ယဉ်ကျေး​သိမ်မွေ့​သော​မိန်းမ​သည် ဂုဏ်သရေ​ကို​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​ယောက်ျား​တို့​မူကား ဓနဥစ္စာ​ကို​ရ​တတ်​ကြ​၏​။ မေတ္တာကရုဏာ​ထား​တတ်​သော​သူ​သည် ကိုယ့်ကိုယ်ကိုယ်​အကျိုးပြု​တတ်​၏​။ ရက်စက်​သော​သူ​မူကား ကိုယ့်ကိုယ်ကိုယ်​ဒုက္ခပေး​တတ်​၏​။ ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​၌​တည်မြဲ​သော​သူ​သည် အသက်ရှင်​ခြင်း​သို့​ရောက်​လိမ့်မည်​။ မကောင်းမှု​နောက်​သို့​လိုက်​သော​သူ​မူကား သေ​ခြင်း​သို့​ရောက်​လိမ့်မည်​။ စိတ်နှလုံး​ကောက်ကျစ်​သော​သူ​တို့​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ပြည့်ဝစုံလင်​သော​လမ်း​ကို လိုက်​သော​သူ​တို့​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။ မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။ အဆင်းလှ​သော်လည်း ဆင်ခြင်တုံတရား​ကင်းမဲ့​သော​မိန်းမ​သည် ဝက်​နှာခေါင်း​၌​တပ်​ထား​သော ရွှေ​နှာဆွဲ​နှင့်​တူ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​သည် ကောင်းကျိုး​ကို​သာ​ဖြစ်စေ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​မျှော်လင့်ချက်​မူကား အမျက်​ကို​ဖြစ်​စေ​တတ်​၏​။ စွန့်ကြဲ​သော်လည်း ဥစ္စာ​ပို၍​တိုးပွား​သူ​ရှိ​၏​။ ပေး​သင့်​သည့်​အရာ​ကို​ပင် ဆုပ်ကိုင်​ထား​သော်လည်း ချို့တဲ့​နွမ်းပါး​ခြင်း​သို့​ရောက်​သူ​လည်း​ရှိ​၏​။ စိတ်စေတနာ​ကောင်း​သော​သူ​သည် ကြွယ်ဝ​၍ ရေလောင်း​ပေး​သော​သူ​သည် ကိုယ်တိုင်​လည်း ရေလောင်း​ပေး​ခြင်း​ကို​ခံရ​လိမ့်မည်​။ ဂျုံစပါး​သိုလှောင်​ထား​သော​သူ​ကို တိုင်းသူပြည်သား​တို့ ကျိန်ဆဲ​ကြ​လိမ့်မည်​။ ရောင်းချ​ပေး​သော​သူ​၏​ဦးခေါင်း​အပေါ်​၌​မူကား ကောင်းချီးမင်္ဂလာ​ရှိ​လိမ့်မည်​။ ကောင်းမြတ်​သော​အရာ​ကို​ကြိုးစား​၍​ရှာ​သော​သူ​သည် ကျေးဇူး​ကို​ရှာတွေ့​လိမ့်မည်​။ မကောင်းမှု​ကို​ရှာ​သော​သူ​မူကား သူ့​ထံသို့ မကောင်းမှု​ရောက်လာ​လိမ့်မည်​။ မိမိ​၏​ဓနဥစ္စာ​ကို ကိုးစား​သော​သူ​သည် ကျဆုံး​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သစ်ရွက်​ကဲ့သို့ ပွင့်လန်းဝေဆာ​လိမ့်မည်​။ မိမိ​အိမ်သူအိမ်သား​တို့​ကို​ဒုက္ခပေး​သော​သူ​သည် လေ​ကို​အမွေဆက်ခံ​ရ​လိမ့်မည်​။ ဆိုးမိုက်​သော​သူ​သည်​လည်း စိတ်နှလုံး​၌ ပညာရှိ​သော​သူ​၏​အစေအပါး​ဖြစ်​ရ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​၏​အသီးအပွင့်​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ စိတ်ဝိညာဉ်​များ​ကို​ဆွဲဆောင်​စည်းရုံး​နိုင်​သော​သူ​သည် ပညာရှိ​ဖြစ်​၏​။ ကမ္ဘာမြေကြီး​ပေါ်တွင် ဖြောင့်မတ်​သော​သူ​ပင် အကျိုးအပြစ်​ကို​ခံစား​ရ​သည်​ဆို​လျှင် ဆိုးယုတ်​သော​သူ​နှင့် အပြစ်ပြု​သော​သူ​မူကား အဘယ်​ဆိုဖွယ်​ရှိ​သနည်း​။