YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖိလိပ္ပိသြဝါဒစာ 4:4-20

ဖိလိပ္ပိသြဝါဒစာ 4:4-20 MSBU

သခင်​ဘုရား​၌ အစဉ်အမြဲ​ဝမ်းမြောက်​ကြ​လော့။ တစ်ဖန် ငါ​ဆို​သည်​ကား ဝမ်းမြောက်​ကြ​လော့။ သင်​တို့​၏​ညင်သာ​သော​သဘော​ကို လူ​အပေါင်း​တို့​အား သိ​စေ​ကြ​လော့။ သခင်​ဘုရား​သည် အနီး​၌​ရှိ​တော်မူ​ပြီ။ မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။ ထိုအခါ လူ​တို့​၏​နားလည်​နိုင်​စွမ်း​ရှိသမျှ​တို့​ထက် ထူးမြတ်​သော​ဘုရားသခင်​၏​ငြိမ်သက်​ခြင်း​သည် ခရစ်တော်​ယေရှု​အားဖြင့် သင်​တို့​၏​စိတ်နှလုံး​နှင့် သင်​တို့​၏​တွေးတော​ကြံစည်​မှု​များ​ကို စောင့်ရှောက်​တော်မူ​လိမ့်မည်။ နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။ ငါ့​ထံမှ သင်​တို့​သင်ကြား​ခံယူ​လျက် ကြားနာ​သိမြင်​ခဲ့​သော​အရာ​တို့​ကို ပြုကျင့်​ကြ​လော့။ သို့ပြုလျှင် ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​လိမ့်မည်။ ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော​စိတ်​သည် သင်​တို့​၌ ယခု​တစ်ကြိမ် ပြန်လည်​ဖြစ်ပေါ်​လာ​သောကြောင့် ငါ​သည် သခင်​ဘုရား​၌ အလွန်​ဝမ်းမြောက်​၏။ အမှန်စင်စစ် သင်​တို့​သည် ငါ့​အတွက် အလေးထား​စဉ်းစား​ပေး​သော်လည်း အခွင့်​မ​ရ​ခဲ့​ကြ။ ငါ​သည် ဆင်းရဲ​ချို့တဲ့​သောကြောင့် ဤသို့​ဆို​သည်​မ​ဟုတ်။ အကြောင်းမူကား မည်သည့်​အခြေအနေ​၌​မဆို ကျေနပ်​ရောင့်ရဲ​တတ်​ရန် ငါ​သည် သင်ယူ​ခဲ့​ပြီ။ နှိမ့်ချ​ခံရ​ခြင်း​ကို​ငါ​သိ​၍ ကြွယ်ဝ​ခြင်း​ကို​လည်း​ငါ​သိ​၏။ ဝပြော​သည်​ဖြစ်စေ၊ ဆာလောင်​သည်​ဖြစ်စေ၊ ကြွယ်ဝ​ပြည့်စုံ​သည်​ဖြစ်စေ၊ ဆင်းရဲ​နွမ်းပါး​သည်​ဖြစ်စေ အခြေအနေ​တိုင်း​နှင့်​အရာရာ​တိုင်း​၌ နေ​တတ်​သည့်​လျှို့ဝှက်​ချက်​ကို ငါ​သင်ယူ​ခဲ့​ပြီ။ ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။ ဖိလိပ္ပိ​မြို့သူ​မြို့သား​တို့၊ ကောင်းမြတ်​သော​သတင်း​ကို စတင်​ဟောပြော​ချိန်​၌ မာကေဒေါနိ​ပြည်​မှ ငါ​ထွက်လာ​သောအခါ သင်​တို့​မှတစ်ပါး မည်သည့်​အသင်းတော်​မျှ ပေးလှူ​ခြင်း​နှင့်​လက်ခံ​ခြင်း​အမှု​တို့​၌ ငါ​နှင့်အတူ​ပါဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။ သက်သာလောနိတ်​မြို့​၌ ငါ​ရှိ​စဉ်​က​လည်း သင်​တို့​သည် ငါ​လိုအပ်​သော​အရာ​ကို တစ်ကြိမ်​မက နှစ်​ကြိမ်​တိုင်အောင် ပေးပို့​ခဲ့​ကြ​၏။ ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။ ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။ ငါ​၏​ဘုရားသခင်​သည်​လည်း ဘုန်း​အသရေ​တော်​၌​ရှိ​သော မိမိ​၏​ကြွယ်ဝ​မှု​နှင့်အညီ သင်​တို့​၏​လိုအပ်​ချက်​ရှိသမျှ​ကို ခရစ်တော်​ယေရှု​အားဖြင့် ပြည့်စုံ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

​ဖိလိပ္ပိသြဝါဒစာ 4:4-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။