YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 9:30-50

ရှင်မာကုခရစ်ဝင် 9:30-50 MSBU

သူ​တို့​သည် ထို​အရပ်​မှ​ထွက်ခွာ​၍ ဂါလိလဲ​နယ်​ကို​ဖြတ်​သွား​ကြ​၏။ သို့သော် ကိုယ်တော်​သည် မည်သူ့​ကို​မျှ မ​သိ​စေ​လို​ချေ။ အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​က တပည့်​တော်​တို့​အား သွန်သင်​လျက်“လူ့သား​သည် လူ​တို့​၏​လက်​သို့​အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည်​လည်း သူ့​ကို​သတ်​ကြ​လိမ့်မည်။ သို့သော် အသေ​သတ်​ခြင်း​ခံရ​ပြီး သုံး​ရက်​ကြာ​သောအခါ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ တပည့်​တော်​တို့​သည် ထို​စကား​ကို နား​မ​လည်​ကြ​သော်လည်း ကိုယ်တော်​အား​မ​မေး​ဝံ့​ကြ​ချေ။ ထို့နောက် သူ​တို့​သည် ကပေရနောင်​မြို့​သို့​ရောက်​ကြ​၏။ အိမ်​ထဲ၌​ရှိ​တော်မူ​စဉ် ကိုယ်တော်​က တပည့်​တော်​တို့​အား“သင်​တို့​သည် လမ်း​၌ မည်သည့်​အကြောင်းအရာ​ကို အချေအတင်​ပြောဆို​လာ​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ သို့သော် သူ​တို့​သည် တိတ်ဆိတ်​စွာ​နေ​ကြ​၏။ အကြောင်းမှာ မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု လမ်း​၌ အချင်းချင်း​အချေအတင်​ပြောဆို​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။ ထိုအခါ ကိုယ်တော်​သည်​ထိုင်​လျက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​ပြီးလျှင်“မည်သူမဆို ပထမ​ဦးဆုံး​ဖြစ်​လို​လျှင် အားလုံး​တွင် နောက်ဆုံး​ဖြစ်​ပြီး အားလုံး​၏​အစေခံ​ဖြစ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သူငယ်​တစ်​ယောက်​ကို​ခေါ်​၍ သူ​တို့​အလယ်​၌​ရပ်​စေ​ပြီးလျှင် သူ့​ကို​ပွေ့ချီ​ကာ “ဤသို့​သော​ကလေး​သူငယ်​များ​ထဲမှ တစ်စုံတစ်ဦး​ကို ငါ​၏​နာမ​၌​လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​မ​ဟုတ်​ဘဲ ငါ့​အား​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏”​ဟု မိန့်​တော်မူ​၏။ ယောဟန်​က “ဆရာ၊ ဆရာ​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“သူ့​ကို​မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား ငါ​၏​နာမ​ဖြင့် တန်ခိုး​လက္ခဏာ​ကို​ပြု​ပြီးနောက် မကြာမီ​အတွင်း ငါ့​ကို​ပုတ်ခတ်​ပြောဆို​နိုင်​မည့်​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ။ ငါ​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် ငါ​တို့​ဘက်သား​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ခရစ်တော်​၏​တပည့်​ဟူသော​အမည်​နာမ​ကို​ထောက်၍ သင်​တို့​အား ရေ​တစ်​ခွက်​ကို​တိုက်​သော​သူ​သည် အကျိုးကျေးဇူး​ကို လုံးဝ​ဆုံးရှုံး​ရ​မည်​မ​ဟုတ်။ သို့သော် ငါ့​ကို​ယုံကြည်​သည့် ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မှားယွင်း​စေ​သော​သူ​သည် ကြီးမား​သော​ကြိတ်ဆုံ​ကျောက်​ကို သူ့​လည်ပင်း​၌​ဆွဲ​လျက် ပင်လယ်​ထဲသို့​ပစ်ချ​ခံရ​လျှင် သူ့​အတွက် သာ၍​ကောင်း​၏။ သင်​၏​လက်​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ လက်​နှစ်​ဖက်​ပါ​လျက် မီး​မ​ငြိမ်း​နိုင်​သည့်​ငရဲ​သို့​လား​ရ​သည်​ထက် လက်​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​ခြေ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ဖြတ်​ပစ်​လော့။ ခြေ​နှစ်​ဖက်​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် ခြေ​တစ်ဖက်​နှင့် အသက်ရှင်​ခြင်း​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ [ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။] သင်​၏​မျက်စိ​သည် သင့်​ကို​မှားယွင်း​စေ​လျှင် ၎င်း​ကို​ထုတ်​ပစ်​လော့။ မျက်စိ​နှစ်​လုံး​ပါ​လျက် ငရဲ​ထဲသို့​ပစ်ချ​ခြင်း​ခံရ​သည်​ထက် မျက်စိ​တစ်​လုံး​နှင့် ဘုရားသခင်​၏​နိုင်ငံ​တော်​သို့​ဝင်စား​ရ​သည်​က သင့်​အတွက် သာ၍​ကောင်း​၏။ ထို​နေရာ​တွင် လောက်ကောင်​သည်​မ​သေ၊ မီး​လည်း​မ​ငြိမ်း​ပေ။ လူ​တိုင်း​သည် မီး​ဖြင့် ဆား​ခတ်​ခြင်း​ကို​ခံရ​လိမ့်မည်။ ဆား​သည်​ကောင်း​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်သည့်​အရာ​ဖြင့် အရသာ​ပြန်​ရှိ​စေ​မည်နည်း။ သင်​တို့​သည် မိမိ​ကိုယ်တိုင်​၌ ဆား​ရှိ​စေ​၍ အချင်းချင်း​သင့်မြတ်​စွာ​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။