YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 9:2-9

ရှင်မာကုခရစ်ဝင် 9:2-9 MSBU

ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို​သာ​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် သူ​တို့​ရှေ့၌ အဆင်း​သဏ္ဌာန်​ပြောင်းလဲ​၍ ဝတ်ရုံ​တော်​သည် ကမ္ဘာ​မြေကြီး​ပေါ်​ရှိ မည်သည့်​ခဝါသည်​မျှ ထိုကဲ့သို့​ဖြူဖွေး​စေရန် မ​ဖွပ်​နိုင်​လောက်အောင် အလွန်​ဖြူဖွေး​တောက်ပ​လာ​လေ​၏။ ဧလိယ​နှင့်​မောရှေ​တို့​သည်​လည်း သူ​တို့​ရှေ့တွင်​ပေါ်လာ​၍ ယေရှု​နှင့်​စကား​ပြော​နေ​ကြ​၏။ ထိုအခါ ပေတရု​က “ရဗ္ဗိ၊ ဤ​နေရာ​သည် အကျွန်ုပ်​တို့​အတွက် နေ​စရာ​ကောင်း​ပါ​၏။ တဲ​သုံး​ဆောင်​ကို ကိုယ်တော်​အတွက်​တစ်​ဆောင်၊ မောရှေ​အတွက်​တစ်​ဆောင်၊ ဧလိယ​အတွက်​တစ်​ဆောင် အကျွန်ုပ်​တို့​ဆောက်​ပါရစေ”​ဟု ယေရှု​အား​လျှောက်​ထား​လေ​၏။ သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​သဖြင့် ပေတရု​သည် မည်သို့​လျှောက်​ရ​မည်​ကို​မ​သိ​သောကြောင့် ထိုသို့​လျှောက်​ထား​ခြင်း​ဖြစ်​၏။ ထိုအခါ မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​ပြီးလျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​စကား​ကို​နားထောင်​ကြ​လော့”​ဟု မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၏။ ထို​ခဏချင်း​တွင် သူ​တို့​သည် ပတ်ပတ်လည်​သို့​ကြည့်​လိုက်​သော် ယေရှု​တစ်ပါးတည်း​သာ မိမိ​တို့​နှင့်အတူ​ရှိ​သည်​ကို​တွေ့မြင်​၍ အခြား​မည်သူ့​ကို​မျှ မ​တွေ့မြင်​ကြ​တော့​ချေ။ ထို့နောက် တောင်​ပေါ်မှ သူ​တို့​ဆင်းလာ​ကြ​စဉ် ကိုယ်တော်​က သူ​တို့​တွေ့မြင်​ခဲ့​ရ​သော​အရာ​များ​ကို လူ့သား​သည် သေ​သော​သူ​တို့​ထဲမှ မ​ထမြောက်​မီ မည်သူ့​ကို​မျှ​မ​ပြော​ကြ​ရန် သူ​တို့​အား မိန့်မှာ​တော်မူ​၏။