YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 8:1-30

ရှင်မာကုခရစ်ဝင် 8:1-30 MSBU

ထို​နေ့ရက်​တို့​၌ များစွာ​သော​လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​၏။ ထို​သူ​တို့​၌ စား​စရာ​မ​ရှိ​သောကြောင့် ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ “ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ထဲမှ အချို့​တို့​သည် အဝေး​မှ​လာ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ မိမိ​တို့​အိမ်​သို့​ပြန်​သွား​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ဤ​တော​ကန္တာရ​၌ မည်သူ​သည် အဘယ်က​မုန့်​ကို​ယူ​၍ ဤ​သူ​တို့​အား ဝလင်​စွာ​ကျွေး​နိုင်​ပါ​မည်နည်း”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ လူ​အစုအဝေး​တို့​အား​ဝေ​ပေး​ရန် တပည့်​တော်​တို့​ကို​ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌ ငါး​ကလေး​အနည်းငယ်​ရှိ​သဖြင့် ၎င်း​တို့​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထို​ငါး​တို့​ကို​လည်း ဝေ​ပေး​ရန် မိန့်​တော်မူ​၏။ လူ​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​ရ​ကြ​၏။ ထို​နေရာ​၌ လူ​လေးထောင်​ခန့်​ရှိ​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် လူ​တို့​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​ချက်ချင်း​တက်​၍ ဒါလမနုသ​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်လာ​၍ ကိုယ်တော်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​ကာ ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။ ကိုယ်တော်​သည် မိမိ​စိတ်​တော်​ထဲ၌ သက်ပြင်းချ​ကာ“ဤ​မျိုးဆက်​သည် အဘယ်ကြောင့် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သနည်း။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​မျိုးဆက်​အား မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ပြီးလျှင် သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန် လှေ​ပေါ်​သို့​တက်​ကာ တစ်ဖက်ကမ်း​သို့​ကူး​တော်မူ​၏။ တပည့်​တော်​တို့​သည် မုန့်​ကို​ယူဆောင်​လာ​ရန် မေ့လျော့​ကြ​သဖြင့် လှေ​ပေါ်တွင် သူ​တို့​၌​မုန့်​တစ်​လုံး​တည်းသာ​ရှိ​၏။ ထိုအခါ ကိုယ်တော်​က“ဖာရိရှဲ​တို့​၏​တဆေး​နှင့် ဟေရုဒ်​၏​တဆေး​တို့​ကို အထူး​သတိပြု​ကြ​လော့”​ဟု မိန့်မှာ​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း မိမိ​တို့​၌ မုန့်​မ​ပါ​သောကြောင့်​ဖြစ်​သည်​ဟု အချင်းချင်း​အချေအတင်​ပြောဆို​ကြ​၏။ ထိုသို့​ပြောဆို​ကြ​သည်​ကို ကိုယ်တော်​သိ​တော်မူ​လျှင်“သင်​တို့​၌​မုန့်​မ​ပါ​ကြောင်း​ကို အဘယ်ကြောင့်​အချေအတင်​ပြောဆို​ကြ​သနည်း။ သင်​တို့​သဘော​မ​ပေါက်​နား​မ​လည်​ကြ​သေး​သလော။ သင်​တို့​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​နေ​သေး​သလော။ သင်​တို့​သည် မျက်စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ​သလော။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​သလော။သင်​တို့​မ​မှတ်မိ​ကြ​သလော။ မုန့်​ငါး​လုံး​ကို လူ​ငါးထောင်​အတွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အကျိုးအပဲ့​များ​ကို တောင်း​အပြည့်​ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “တစ်ဆယ့်နှစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။ “မုန့်​ခုနစ်​လုံး​ကို လူ​လေးထောင်​အတွက် ငါ​ဖဲ့​ခဲ့​စဉ်​က မုန့်​အကျိုးအပဲ့​များ​ကို တောင်း​အပြည့် ဘယ်နှ​တောင်း​ကောက်​သိမ်း​ခဲ့​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “ခုနစ်​တောင်း”​ဟု ပြန်​လျှောက်​ကြ​၏။ တစ်ဖန် ကိုယ်တော်​က“သင်​တို့​နား​မ​လည်​ကြ​သေး​သလော”​ဟု မိန့်​တော်မူ​၏။ သူ​တို့​သည် ဗက်ဇဲဒ​မြို့​သို့​ရောက်​ကြ​သောအခါ လူ​တို့​သည် မျက်မမြင်​တစ်​ဦး​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​၍ သူ့​ကို​တို့ထိ​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​သည် မျက်မမြင်​၏​လက်​ကို​ဆွဲ​၍ ရွာ​အပြင်​သို့​ခေါ်သွား​တော်မူ​ပြီးလျှင် သူ​၏​မျက်စိ​ပေါ်သို့ တံတွေး​ထွေး​ကာ သူ့​အပေါ်​လက်​တော်​တင်​လျက်“တစ်စုံတစ်ခု​ကို​မြင်​ရ​သလော”​ဟု မေး​တော်မူ​၏။ သူ​သည် မော့ကြည့်​လျက် “လူ​တို့​ကို​မြင်​ရ​ပါ​၏။ သစ်ပင်​များ​ကဲ့သို့​ဖြစ်​ကြ​ပြီး လမ်းလျှောက်​နေ​ကြ​သည်​ကို မြင်​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။ ထို့နောက် ကိုယ်တော်​သည် သူ​၏​မျက်စိ​ပေါ်သို့ လက်​တော်​ကို တစ်ဖန်​တင်​တော်မူ​၏။ ထိုအခါ သူ​သည် ရှင်းလင်း​စွာ​မြင်​ရ​၍ အကောင်း​ပကတိ​ဖြစ်လာ​၏​။ အလုံးစုံ​ကို​လည်း ကြည်လင်​စွာ​မြင်​ရ​လေ​၏။ ကိုယ်တော်​က​လည်း“ရွာ​ထဲသို့​မ​ဝင်​နှင့်”​ဟု မိန့်​တော်မူ​ပြီး သူ့​ကို မိမိ​အိမ်​သို့ ပြန်လွှတ်​တော်မူ​၏။ ထို့နောက် ယေရှု​သည် တပည့်​တော်​တို့​နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိ​နယ်​ရှိ ကျေးရွာ​များ​သို့​ကြွ​တော်မူ​၏။ လမ်း​ခရီး​၌ တပည့်​တော်​တို့​အား“လူ​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ဗတ္တိဇံ​ဆရာ​ယောဟန်​ဟု ဆို​ကြ​ပါ​သည်။ သို့သော် အချို့​တို့​က ဧလိယ​ဟု ဆို​ကြ​၍ အချို့​တို့​က​လည်း ပရောဖက်​များ​ထဲမှ​တစ်ပါးပါး​ဖြစ်​သည်​ဟု ဆို​ကြ​ပါ​သည်”​ဟူ၍ ပြန်​လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​မူကား ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု​ဆို​ကြ​သနည်း”​ဟူ၍ မေး​တော်မူ​လျှင် ပေတရု​က “ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။ ထိုအခါ ကိုယ်တော်​သည် မိမိ​အကြောင်း​ကို မည်သူ့​ကို​မျှ​မ​ပြော​ရန် သူ​တို့​အား သတိပေး​တော်မူ​၏။