YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 8:1-12

ရှင်မာကုခရစ်ဝင် 8:1-12 MSBU

ထို​နေ့ရက်​တို့​၌ များစွာ​သော​လူထု​ပရိသတ်​သည် တစ်ဖန်​စုဝေး​လာ​ကြ​၏။ ထို​သူ​တို့​၌ စား​စရာ​မ​ရှိ​သောကြောင့် ယေရှု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ “ဤ​လူထု​ပရိသတ်​ကို ငါ​သနား​၏။ အကြောင်းမူကား သူ​တို့​သည် သုံး​ရက်​တိုင်တိုင် ငါ​နှင့်အတူ​ရှိ​ကြ​ပြီး သူ​တို့​၌ မည်သည့်​စား​စရာ​မျှ​မ​ရှိ။ သူ​တို့​ထဲမှ အချို့​တို့​သည် အဝေး​မှ​လာ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ဘာမျှ​မ​ကျွေး​ဘဲ မိမိ​တို့​အိမ်​သို့​ပြန်​သွား​စေ​လျှင် သူ​တို့​သည် လမ်း​ခရီး​၌ အားပြတ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “ဤ​တော​ကန္တာရ​၌ မည်သူ​သည် အဘယ်က​မုန့်​ကို​ယူ​၍ ဤ​သူ​တို့​အား ဝလင်​စွာ​ကျွေး​နိုင်​ပါ​မည်နည်း”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“သင်​တို့​တွင် မုန့်​မည်မျှ​ရှိ​သနည်း”​ဟု မေး​တော်မူ​ရာ သူ​တို့​က “မုန့်​ခုနစ်​လုံး​ရှိ​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​ကို မြေ​ပေါ်၌​ထိုင်​ကြ​ရန် မိန့်မှာ​တော်မူ​လျက် မုန့်​ခုနစ်​လုံး​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် ၎င်း​တို့​ကို​ဖဲ့​ကာ လူ​အစုအဝေး​တို့​အား​ဝေ​ပေး​ရန် တပည့်​တော်​တို့​ကို​ပေး​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း လူထု​ပရိသတ်​တို့​အား​ဝေ​ပေး​ကြ​၏။ သူ​တို့​၌ ငါး​ကလေး​အနည်းငယ်​ရှိ​သဖြင့် ၎င်း​တို့​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ ထို​ငါး​တို့​ကို​လည်း ဝေ​ပေး​ရန် မိန့်​တော်မူ​၏။ လူ​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် ကြွင်းကျန်​သော​မုန့်​အကျိုးအပဲ့​များ​ကို ကောက်သိမ်း​ကြ​ရာ ခုနစ်​တောင်း​ရ​ကြ​၏။ ထို​နေရာ​၌ လူ​လေးထောင်​ခန့်​ရှိ​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် လူ​တို့​ကို ပြန်လွှတ်​တော်မူ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ လှေ​ပေါ်သို့​ချက်ချင်း​တက်​၍ ဒါလမနုသ​နယ်မြေ​ဒေသ​များ​သို့ ကြွ​တော်မူ​၏။ ထိုအခါ ဖာရိရှဲ​တို့​သည်​ထွက်လာ​၍ ကိုယ်တော်​နှင့်​ငြင်းခုံ​ပြောဆို​ကြ​ကာ ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ကောင်းကင်​မှ​နိမိတ်​လက္ခဏာ​ကို တောင်းဆို​ကြ​၏။ ကိုယ်တော်​သည် မိမိ​စိတ်​တော်​ထဲ၌ သက်ပြင်းချ​ကာ“ဤ​မျိုးဆက်​သည် အဘယ်ကြောင့် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သနည်း။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​မျိုးဆက်​အား မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ပြီးလျှင်