YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 6:33-56

ရှင်မာကုခရစ်ဝင် 6:33-56 MSBU

သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။ ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။ အချိန်​နောက်ကျ​နေ​ပြီ​ဖြစ်​၍ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လျက် “ဤ​နေရာ​သည် လူသူ​ကင်းဝေး​ရာ​အရပ်​ဖြစ်​ပြီး အချိန်​လည်း​နောက်ကျ​နေ​ပါ​ပြီ။ လူ​တို့​သည် ဝန်းကျင်​ရှိ​ကျေးလက်​တောရွာ​များ​သို့​သွား​၍ မိမိ​တို့​အတွက် စား​စရာ​များ​ဝယ်ယူ​နိုင်​ရန် သူ​တို့​ကို​ပြန်လွှတ်​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​က“သင်​တို့​ကိုယ်တိုင် သူ​တို့​အား စား​စရာ​ပေး​ကြ​လော့”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ တပည့်​တော်​တို့​က​လည်း “အကျွန်ုပ်​တို့​သည် ဒေနာရိ​နှစ်ရာ​ဖြင့် မုန့်​များ​သွား​ဝယ်​၍ သူ​တို့​စား​ရန် ပေး​ရ​ပါမည်လော”​ဟု ပြန်လျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​၌ မုန့်​မည်မျှ​ရှိ​သနည်း။ သွား​၍​ကြည့်​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ သူ​တို့​သည်​လည်း သိရှိ​ပြီးမှ “မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ​ပါ​သည်”​ဟု လျှောက်​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် လူ​အပေါင်း​တို့​ကို စိမ်းလန်း​သော​မြက်​ခင်း​ပေါ်၌ အစုလိုက်​ထိုင်​စေရန် တပည့်​တော်​တို့​အား အမိန့်​ပေး​တော်မူ​၏။ လူ​တို့​သည်​လည်း တစ်ရာ​စီ၊ ငါးဆယ်​စီ အစုလိုက်​ထိုင်​ကြ​၏။ ထိုအခါ ကိုယ်တော်​သည် မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ကို​ယူ​၍ မိုး​ကောင်းကင်​သို့​မျှော်ကြည့်​ကာ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ လူ​တို့​ကို​ဝေ​ပေး​ရန် တပည့်​တော်​တို့​အား​ပေး​တော်မူ​၏။ ငါး​နှစ်​ကောင်​ကို​လည်း လူ​အပေါင်း​တို့​အား ခွဲဝေ​ပေး​တော်မူ​၏။ လူ​အပေါင်း​တို့​သည် စား​၍​ဝ​ကြ​၏။ ထို့နောက် မုန့်​အကျိုးအပဲ့​နှင့် ငါး​၏​အကြွင်းအကျန်​တို့​ကို ကောက်သိမ်း​ကြ​ရာ တစ်ဆယ့်နှစ်​တောင်း​အပြည့်​ရ​ကြ​၏။ မုန့်​ကို​စား​သော​ယောက်ျား​ဦးရေ​မှာ ငါးထောင်​ရှိ​၏။ ထို့နောက် ကိုယ်တော်​သည် ချက်ချင်း​ပင် တပည့်​တော်​တို့​ကို လှေ​ပေါ်သို့​တက်​စေ​၍ တစ်ဖက်ကမ်း​ရှိ ဗက်ဇဲဒ​မြို့​သို့ အလျင်​ဦးစွာ​ကူး​နှင့်​စေ​တော်မူ​ပြီး တစ်ချိန်တည်းမှာပင် လူထု​ပရိသတ်​များ​ကို ပြန်လွှတ်​တော်မူ​၏။ လူ​တို့​ကို​နှုတ်ဆက်​ပြီးနောက် ကိုယ်တော်​သည် ဆုတောင်း​ရန် တောင်​ပေါ်သို့​တက်​တော်မူ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ လှေ​သည် ပင်လယ်​အလယ်​၌​ရှိ​၏။ ကိုယ်တော်​မူကား ကုန်း​ပေါ်၌ တစ်ပါးတည်း​ရှိ​တော်မူ​၏။ လေ​ဆန်​သောကြောင့် လှော်ခတ်​၍ ပင်ပန်း​နေ​ကြ​သော​တပည့်​တော်​တို့​ကို ကိုယ်တော်​မြင်​တော်မူ​လျှင် မိုးသောက်ယံ​အချိန်​ဝန်းကျင်​၌ ပင်လယ်​ပေါ်တွင်​လမ်းလျှောက်​လျက် သူ​တို့​ထံသို့​ကြွ​တော်မူ​ပြီး သူ​တို့​ကို​ကျော်ဖြတ်​သွား​မည်​ပြု​လေ​၏။ တပည့်​တော်​တို့​သည် ပင်လယ်​ပေါ်တွင် ကိုယ်တော်​လမ်းလျှောက်​နေ​သည်​ကို​မြင်​လျှင် တစ္ဆေ​ဖြစ်​သည်​ဟု​ထင်မှတ်​လျက် အော်ဟစ်​ကြ​၏။ သူ​တို့​အားလုံး​သည် ကိုယ်တော်​ကို​တွေ့မြင်​၍ တုန်လှုပ်​ချောက်ချား​ကြ​သောကြောင့်​ဖြစ်​၏။ သို့သော် ကိုယ်တော်​သည် ချက်ချင်း​ပင် သူတို့​နှင့်​စကား​ပြော​လျက်“မစိုးရိမ်​ကြ​နှင့်။ ငါ​ပင်​ဖြစ်​၏။ မ​ကြောက်​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​ရှိရာ လှေ​ပေါ်သို့​တက်​တော်မူ​သော် လေ​သည်​ငြိမ်​သွား​လေ​၏။ သူ​တို့​သည် အလွန်​အမင်း​အံ့သြ​ငေးမော​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် မုန့်​နှင့်ပတ်သက်​သော​ဖြစ်ရပ်​ကို​နား​မ​လည်​ဘဲ သူ​တို့​၏​စိတ်နှလုံး​မာကျော​လျက်​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့နောက် သူ​တို့​သည် ပင်လယ်​ကို​ကူး​၍ ဂင်နေသရက်​မြို့​သို့​ရောက်​သဖြင့် လှေ​ကို​ဆိုက်ကပ်​ကြ​၏။ လှေ​ပေါ်မှ သူ​တို့​ဆင်း​ကြ​ရာ လူ​တို့​သည် ကိုယ်တော်​ကို​ချက်ချင်း​မှတ်မိ​ကြ​သဖြင့် ထို​အရပ်​ဒေသ​တစ်ဝန်းလုံး​သို့​ပြေး​သွား​ကာ ကိုယ်တော်​ရှိ​တော်မူ​သည်​ဟု သူ​တို့​ကြား​ရ​သည့်​နေရာ​သို့ နာမကျန်း​ဖြစ်​သူ​တို့​ကို အိပ်ရာ​နှင့်တကွ​သယ်ဆောင်​လာ​ကြ​၏။ ကိုယ်တော်​ကြွ​တော်မူ​သော မြို့​၌​ဖြစ်စေ၊ ကျေးလက်​တောရွာ​၌​ဖြစ်စေ၊ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ ကိုယ်တော်​ကို တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

ရှင်မာကုခရစ်ဝင် 6:33-56 အကြောင်း ဗီဒီယိုများ