ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။ သူသည်လည်း ချက်ချင်းပင် မင်းကြီးထံအလျင်အမြန်ဝင်၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယခုပင် ကျွန်မအားပေးစေလိုပါသည်”ဟု တောင်းလျှောက်လေ၏။ မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့် အာဏာပါးကွက်သားတစ်ဦးကို ချက်ချင်းစေလွှတ်ကာ ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေးလေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်ပြီးလျှင် ထိုဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေ၏။ မိန်းကလေးသည်လည်း ၎င်းကို မိမိ၏မိခင်အားပေးလေ၏။ ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။ တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့သည် လူသူကင်းဝေးရာအရပ်သို့ သူတို့ချည်းသာ လှေဖြင့်ထွက်သွားကြ၏။ သို့သော် လူများစွာတို့သည် သူတို့သွားကြသည်ကိုတွေ့၍ သိမြင်သဖြင့် မြို့ရွာအပေါင်းတို့မှ ထိုအရပ်သို့ ကုန်းကြောင်းဖြင့်ပြေးသွားကာ သူတို့ထက်အလျင်ဦးစွာ ရောက်နှင့်ကြလေ၏။ ကိုယ်တော်သည်လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။ အချိန်နောက်ကျနေပြီဖြစ်၍ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်းနောက်ကျနေပါပြီ။ လူတို့သည် ဝန်းကျင်ရှိကျေးလက်တောရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ သို့သော် ကိုယ်တော်က“သင်တို့ကိုယ်တိုင် သူတို့အား စားစရာပေးကြလော့”ဟု ပြန်၍မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဒေနာရိနှစ်ရာဖြင့် မုန့်များသွားဝယ်၍ သူတို့စားရန် ပေးရပါမည်လော”ဟု ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့၌ မုန့်မည်မျှရှိသနည်း။ သွား၍ကြည့်ကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။ ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။ လူတို့သည်လည်း တစ်ရာစီ၊ ငါးဆယ်စီ အစုလိုက်ထိုင်ကြ၏။ ထိုအခါ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ လူတို့ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ခွဲဝေပေးတော်မူ၏။ လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် မုန့်အကျိုးအပဲ့နှင့် ငါး၏အကြွင်းအကျန်တို့ကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။ မုန့်ကိုစားသောယောက်ျားဦးရေမှာ ငါးထောင်ရှိ၏။ ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။ လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ လှေသည် ပင်လယ်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်၌ တစ်ပါးတည်းရှိတော်မူ၏။ လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန်ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုကျော်ဖြတ်သွားမည်ပြုလေ၏။ တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တစ္ဆေဖြစ်သည်ဟုထင်မှတ်လျက် အော်ဟစ်ကြ၏။ သူတို့အားလုံးသည် ကိုယ်တော်ကိုတွေ့မြင်၍ တုန်လှုပ်ချောက်ချားကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်သည် ချက်ချင်းပင် သူတို့နှင့်စကားပြောလျက်“မစိုးရိမ်ကြနှင့်။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။ အကြောင်းမူကား သူတို့သည် မုန့်နှင့်ပတ်သက်သောဖြစ်ရပ်ကိုနားမလည်ဘဲ သူတို့၏စိတ်နှလုံးမာကျောလျက်ရှိကြသောကြောင့်ဖြစ်၏။ ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။ လှေပေါ်မှ သူတို့ဆင်းကြရာ လူတို့သည် ကိုယ်တော်ကိုချက်ချင်းမှတ်မိကြသဖြင့် ထိုအရပ်ဒေသတစ်ဝန်းလုံးသို့ပြေးသွားကာ ကိုယ်တော်ရှိတော်မူသည်ဟု သူတို့ကြားရသည့်နေရာသို့ နာမကျန်းဖြစ်သူတို့ကို အိပ်ရာနှင့်တကွသယ်ဆောင်လာကြ၏။ ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
ရှင်မာကုခရစ်ဝင် 6 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကုခရစ်ဝင် 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကုခရစ်ဝင် 6:24-56
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို