YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 6:1-13

ရှင်မာကုခရစ်ဝင် 6:1-13 MSBU

ထို့နောက် ယေရှု​သည် ထို​နေရာ​မှ​ထွက်ခွာ​၍ မိမိ​၏​နေရင်း​မြို့​သို့​ကြွ​တော်မူ​၏။ တပည့်​တော်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​၏။ ဥပုသ်နေ့​ရောက်​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​၌ သွန်သင်​တော်မူ​ရာ ကြားနာ​သူ​များစွာ​တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် ဤ​အရာ​များ​ကို အဘယ်က​ရ​သနည်း။ ဤ​သူ​ရ​သည့်​ဉာဏ်ပညာ​နှင့် သူ့​လက်​ဖြင့်​ပြု​သော တန်ခိုး​လက္ခဏာ​များ​ကား မည်သို့​နည်း။ သူ​သည် လက်သမား​မ​ဟုတ်​လော။ မာရိ​၏​သား​ဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒ​နှင့်​ရှိမုန်​တို့​၏​အစ်ကို​မ​ဟုတ်​လော။ သူ​၏​နှမ​များ​သည်​လည်း ငါ​တို့​နှင့်အတူ ဤ​အရပ်​၌​ရှိ​ကြ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကာ ကိုယ်တော်​အပေါ်​ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့၊ မိမိ​၏​ဆွေမျိုး​များ​ကြား​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် မ​ကျန်းမာ​သော​သူ​အနည်းငယ်​တို့​အပေါ် လက်​တော်​တင်​လျက် ကျန်းမာ​စေ​ခဲ့​ခြင်း​မှတစ်ပါး ထို​နေရာ​၌ မည်သည့်​တန်ခိုး​လက္ခဏာ​ကို​မျှ​မ​ပြု​နိုင်​ခဲ့​ပေ။ ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ​စေလွှတ်​ကာ သူ​တို့​အား ညစ်ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အခွင့်​အာဏာ​ကို​ပေး​တော်မူ​၏။ ထို့ပြင် လမ်း​ခရီး​အတွက် တောင်ဝှေး​တစ်​ချောင်း​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အစားအစာ​၊ လွယ်အိတ်၊ ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါးပန်း​၌​မ​ထည့်​သွား​ဘဲ ဖိနပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်မှာ​တော်မူ​၏။ တစ်ဖန် သူ​တို့​အား“မည်သည့်​အရပ်​တွင်​မဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ​ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။ သူ​တို့​သည် များစွာ​သော​နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကာ မ​ကျန်းမာ​သော​သူ​များစွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်းမာ​စေ​ကြ​၏။