YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 5:1-13

ရှင်မာကုခရစ်ဝင် 5:1-13 MSBU

ထို့နောက် သူ​တို့​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ​နယ်​သို့​ရောက်​ကြ​၏။ ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်သူမျှ သူ့​ကို သံကြိုး​နှင့်​ပင်​ချည်နှောင်​ထား​၍ မ​ရ​နိုင်​ချေ။ အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။ သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။ သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။ ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ညစ်ညူး​သော​နတ်၊ ဤ​လူ​ထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။ တစ်ဖန် ကိုယ်တော်​က“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ ထို​သူ​က “အကျွန်ုပ်​၏​နာမည်​မှာ လေဂေါင်​ဖြစ်​ပါ​၏။ အကျွန်ုပ်​တို့​သည် များစွာ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။ ထို့နောက် မိမိ​တို့​ကို ထို​အရပ်​ဒေသ​မှ​နှင်ထုတ်​တော်​မ​မူ​ရန် ကိုယ်တော်​အား အနူးအညွတ်​တောင်းပန်​လေ​၏။ ထို​အရပ်​အနီးအနား​ရှိ တောင်ကုန်း​ပေါ်၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​က “ဝက်​များ​ထဲသို့ ဝင်​ရ​ပါ​မည့်​အကြောင်း ၎င်း​တို့​ထဲသို့ အကျွန်ုပ်​တို့​ကို စေလွှတ်​တော်မူ​ပါ”​ဟု တောင်းပန်​ကြ​၏။ ကိုယ်တော်​သည်​လည်း ခွင့်ပြု​တော်မူ​သဖြင့် ညစ်ညူး​သော​နတ်​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ နှစ်ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ပင်လယ်​ထဲ၌ ရေနစ်​သေဆုံး​ကြ​ကုန်​၏။

Video for ရှင်မာကုခရစ်ဝင် 5:1-13